စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ပူယိုးလ်ကတော့ လက်ရှိ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ကြောင်း ချီးကျူး ပြောဆို သွားခဲ့ပါတယ်။ လက်ရှိမှာ ဘောလုံး ကစားသမားဘဝ ကနေ အနားယူထားတဲ့ ပူယိုးလ်ဟာ ဘာစီလိုနာ အသင်းရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်တွေထဲက တစ်ဦး အပါအဝင် ဖြစ်ပြီး မက်ဆီနဲ့လည်း ကာလရှည် လက်တွဲကာ ကစားခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ပူယိုးလ်ဟာ မက်ဆီရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အတော်လေးကို သိရှိသူ တစ်ဦးပါ။

Photo Credit: Bein Sports

လက်ရှိမှာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ သာမက ကမ္ဘာ့ဘောလုံး သမိုင်းမှာပါ အကောင်းဆုံး ကစားသမား အဖြစ် လူအများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရပြီး သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်အထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဗယ်လာဒိုးလစ် အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ မက်ဆီရဲ့ ဘာစီလိုနာ ကစားသမားဘဝ သွင်းဂိုးဟာ ၆၄၄ဂိုး အထိ ရှိလာခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ပူယိုးလ်က မက်ဆီဟာ ဘောလုံးလောကရဲ့ မိုက်ကယ်ဂျော်ဒန် ဖြစ်ကြောင်းနဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

မက်ဆီဟာ ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်ကြောင်းကို ပူယိုးလ်က “ တကယ်လို့ ခင်ဗျားက မိုက်ကယ်ဂျော်ဒန်ဟာ ဘယ်သူလဲလို့ ကျွန်တော့်ကို လာမေးရင် သူက ဘတ်စကတ်ဘော သမိုင်းမှာ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ကျွန်တော်က ပြန်ဖြေမိမှာပါ။ ကျွန်တော် ကတော့ မက်ဆီမှာလည်း အဲ့ဒီလို ဂုဏ်သိက္ခာမျိုး ရှိတယ်လို့ ထင်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားပါ။ မိုက်ကယ်ဂျော်ဒန်က ဘတ်စကတ်ဘော သမိုင်းမှာ အကောင်းဆုံး ကစားသမားလို့ ပြောတဲ့အခါ မတူညီတဲ့ အတွေးအမြင်တွေ ရှိတတ်ပါတယ်။ ပြီးတော့ တစ်ခါတလေကျရင် အဲ့ဒီ အတွေးအမြင်တွေက ဓမ္မဓိဌာန်ကျဖို့ ခက်ပါတယ်။ ဒီလိုပါပဲ။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ မက်ဆီဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဆိုတဲ့ အကြောင်းကို လက်ခံဖို့ ခက်ခဲပါလိမ့်မယ်” လို့ ပြောကြား သွားခဲ့ပါတယ်။