အာဂျင်တီးနား စူပါစတား တိုက်စစ်ကစားသမားကြီး လီယွန်နယ် မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ဖို့ မသေချာသေးပေမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကိုတော့ အင်တာ မိုင်ယာမီအသင်းနဲ့အတူ ပါဝင်ရဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဥရောပ အာရှ တောင်အမေရိက အာဖရိက မြောက်အမေရိကနဲ့ သမုဒ္ဒရာပိုင်းတို့က ချန်ပီယံလိဂ် ချန်ပီယံအသင်းတွေသာ ဝင်ရောက် ဆင်နွဲရတဲ့ ရက်တိုပြိုင်ပွဲတစ်ခုဖြစ်ပြီး အခုတော့ ပြိုင်ပွဲဝင် (၃၂)သင်းအထိ တိုးမြှင့်လိုက်ကာ ပြိုင်ပွဲကြီး တစ်ခုအသွင် ပုံစံပြောင်းလဲ ကျင်းပလာခဲ့ပါတယ်။
Photo Credit : FIFA
ဒီပြိုင်ပွဲကြီးဟာ လာမယ့် ဇွန်လ (၁၅)ရက်နေ့ကနေ ဇူလိုင် (၁၃)ရက်နေ့အထိ နိုင်ငံအသင်းတွေရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံအတိုင်း ကျင်းပမှာဖြစ်ပြီး လက်ရှိမှာတော့ တောင်အမေရိကဇုန်အတွက် ၂၀၂၄ ကိုပါလီဘာတေးဒိုးစ် ချန်ပီယံအသင်းနဲ့ ပြိုင်ပွဲကျင်းပမယ့် အမေရိကန်နိုင်ငံက ကလပ်အသင်းတို့သာ ကျန်ရှိနေပါတော့တယ်။
မြောက်အမေရိက ကိုယ်စားပြု ကွန်ကာကပ်ဖ်ဇုန်မှာတော့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံအသင်း (၄)သင်းက ကလပ်ကမ္ဘာ့ဖလားမှာ ဆင်နွဲခွင့်ရထားပြီး မေဂျာလိဂ် ကလပ်အသင်း တစ်သင်းလည်း ဒီပြိုင်ပွဲမှာ ဆင်နွဲဖို့အတွက် ဖိတ်ခေါ်ခံရမှာ ဖြစ်ပါတယ်။
Photo Credit : El Futbolero US
ဘယ်အသင်းကို ဖိတ်ခေါ်မလဲဆိုတာ အခုထိ ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် အင်တာ မိုင်ယာမီအသင်း နည်းပြဖြစ်သူ မာတီနိုကတော့ သူတို့အသင်းကိုသာ ဖိတ်ခေါ်လာမယ်ဆိုရင် သေချာပေါက် လက်ခံသွားမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
တကယ်လို့သာ အင်တာ မိုင်ယာမီအသင်းသာ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင်တော့ မက်ဆီအနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄)ကြိမ်မြောက်အဖြစ် ပါဝင်နိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ မက်ဆီက သူ့အသင်းဟောင်း ဘာစီလိုနာနဲ့အတူ ကလပ်ကမ္ဘာ့ဖလားကို (၃)ကြိမ်အထိ ဆွတ်ခူးထားခဲ့ပြီး အခုတစ်ကြိမ် အင်တာ မိုင်ယာမီနဲ့အတူ ပုံစံသစ်နဲ့ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲခွင့် ရမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။