ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာကတော့ မက်ဆီရယ် ၊ အမ်ဘာပေရယ် ၊ သူရယ်မှာ မက်ဆီက သူတို့နှစ်ဦးထက် ပိုပြီး ခေါင်းတိုက်ကောင်းသူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး သုံးဦးတွဲ တိုက်စစ် အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရပြီး အဆိုပါ ကစားသမား သုံးဦး အနက် မက်ဆီဟာ ခြေစွမ်း အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားပြီး ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်သလို ဘောလုံးစွမ်းရည်လည်း ပြည့်ဝသူ ဖြစ်တာကြောင့် ပြိုင်ဘက် ခံစစ်မှူးတွေက သူ့ကို ထိန်းချုပ်ရ ခက်ခဲလေ့ ရှိကြပါတယ်။

ဘာစီလိုနာအသင်းမှာထဲက မက်ဆီနဲ့ တွဲဖက် ကစားခဲ့ဖူးတဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာကတော့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီဟာ အံ့အားသင့်စရာ ကောင်းတဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့သလို မက်ဆီနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ မသိသေးတဲ့ အကြောင်းအရာ တခုကိုလည်း ပြောပြသွားခဲ့ပါတယ်။

Photo Credit: Metro

နေမာ ပြောပြခဲ့တဲ့ မက်ဆီရဲ့ လျို့ဝှက်ချက် ကတော့ မက်ဆီဟာ ခေါင်းတိုက်စွမ်းရည် ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်တယ် ဆိုတာပါပဲ။ နေမာက ဘရာဇီးလ် သတင်းဌာန တခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီက သူနဲ့ အမ်ဘာပေထက် ပိုပြီး ခေါင်းတိုက်စွမ်းရည် ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အရပ်အမြင့် ၅ပေ ၆လက်မသာ ရှိတဲ့ မက်ဆီက အမ်ဘာပေနဲ့ နေမာတို့ထက် ခေါင်းတိုက်သွင်းဂိုး နည်းပါးပေမယ့် လေ့ကျင့်ရေးကွင်းမှာတော့ သူ့ရဲ့ ခေါင်းတိုက် ဂိုးသွင်းစွမ်းရည်က အတော်လေး ကောင်းမွန်ကြောင်းလည်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။