MySport Myanmar

မိုင်ယာမီနဲ့အတူ MLS Cup ဖလားကိုပါ ရယူသွားဖို့ ပစ်မှတ်ထားနေတဲ့ မက်ဆီ

အင်တာ မိုင်ယာမီအသင်းရဲ့ အာဂျင်တီးနား စူပါစတား တိုက်စစ်ကစားသမား GOAT ကြီး လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝရဲ့ (၄၆)လုံးမြောက် ဆုဖလားဖြစ်တဲ့ MLS Supporters’ Shield ကို ဆွတ်ခူးခဲ့ပြီးနောက် 2024 MLS Cup ကိုပါ ဆက်လက် ရယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

လွန်ခဲ့တဲ့ (၆)နှစ်ခန့်ကမှ စတင် တည်ထောင်ဖြစ်ခဲ့တဲ့ မိုင်ယာမီ အခြေစိုက် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဟာ မက်ဆီ အပါအဝင် ဘူးစကတ်စ် အယ်လ်ဘာ ဆွာရက်ဇ်တို့လို ဝါရင့်ကစားသမားကြီးတွေကို ခေါ်ယူလိုက်ပြီးနောက်ပိုင်းမှာပဲ ဆုဖလားတွေ စတင် ဆွတ်ခူးလာခဲ့ပြီး အခုဆိုလည်း MLS Supporters’ Shield လို ဆုဖလားကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

Photo Credit : Goal

ဒီနေ့မနက်အစောပိုင်း ကိုလံဘတ် ခရူးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ မိုင်ယာမီက မက်ဆီရဲ့ သွင်းဂိုး (၂)ဂိုး ဆွာရက်ဇ်ရဲ့ သွင်းဂိုးတို့နဲ့ နိုင်ပွဲရရှိခဲ့ရင်း မိုင်ယာမီအသင်းရဲ့ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ MLS Supporters’ Shield ကို ရမှတ်အများဆုံးနဲ့ပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ဒါကြောင့် မိုင်ယာမီအသင်းက လာမယ့် မေဂျာလိဂ် လက်ကျန်ပွဲ(၂)ပွဲအပြီးမှာပဲ 2024 MLS Cup ပြိုင်ပွဲကို ဆက်လက် ကစားသွားရတော့မှာဖြစ်ပြီး အဲ့ဒီပြိုင်ပွဲမှာလည်း အောင်မြင်မှုတွေကို ထပ်မံ ရယူသွားဖို့ မိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက တိုက်တွန်းလိုက်ပါတယ်။

Photo Credit : Al Jazeera

“ပထမဆုံး ပန်းတိုင်တစ်ခုတော့ ပြီးမြောက် အောင်မြင်သွားခဲ့ပါပြီ။ ဒီအသင်းအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ နောက်ထပ် ဆုဖလားတွေကို အရယူဆောင်သွားမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ အတူတူ ရှေ့ဆက်သွားရပါမယ်။” လို့ မက်ဆီက သူရဲ့ အင်စတာဂရမ်ပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။

မက်ဆီဟာ သူရဲ့ အင်တာ မိုင်ယာမီ ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းနဲ့အတူ League Cup ချန်ပီယံ ဖြစ်ခဲ့ရပြီး အခုဆိုရင်လည်း MLS Supporters’ Shield ကိုပါ အရ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ မက်ဆီက သူရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းကြီး လူးဝစ် ဆွာရက်ဇ်နဲ့ တွဲဖက်ပြီး မိုင်ယာမီအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားလျက် ရှိနေပါတယ်။

Exit mobile version