ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကတော့ အာဂျင်တီးနားနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေကို ဝင်ရောက် ပါဝင် ကစားပေးနေရင်း ရုပ်သံဇာတ်လမ်းတွဲ တခုမှာ ဧည့်သည် သရုပ်ဆောင် တဦး အဖြစ် ကူညီကာ သရုပ်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ကစားသမား ဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာကာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ခဲ့တာကြောင့် အသင်းသစ်နဲ့ အသားမကျမှု ၊ နိုင်ငံသစ် တခုမှာ အခြေကျဖို့ ရုန်းကန်ရမှုတို့ကြောင့် ကွင်းတွင်းခြေစွမ်းပိုင်း အနည်းငယ် အားနည်းသွားခဲ့ရပေမယ့် ကွင်းပြင်ပမှာတော့ စပွန်ဆာအသစ်တွေ ဆက်လက် ရရှိနေဆဲ ဖြစ်သလို ကြော်ငြာအချို့ကိုလည်း လက်ခံ ရိုက်ကူးပေးခဲ့ရပါတယ်။

Photo Credit: Marca

ဒီတခါမှာလည်း မက်ဆီက အာဂျင်တီးနားနိုင်ငံ အတွင်းမှာ လူကြိုက်များကာ ထင်ရှားတဲ့ “Los Protector” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ အသစ်မှာ ဧည့်သည် သရုပ်ဆောင် တဦး အဖြစ် ပါဝင် အားဖြည့် ကူညီရင်း အာဂျင်တီးနား ပရိသတ်တွေရဲ့ အချစ်တွေကို ရယူခဲ့ကြောင်း စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မက်ဆီက “Los Protector” ရုပ်သံဇာတ်လမ်းထဲမှာ ဘယ်လို ကာရိုက်တာမျိုး ကနေ သရုပ်ဆောင်ထားလဲ ဆိုတာကို အတိအကျ မသိရသေးပေမယ့် မက်ဆီ ပါဝင်ထားတဲ့ အပိုင်းကို လာမယ့် ၂၀၂၃ခုနှစ်မှသာ ပရိသတ်တွေ အနေနဲ့ ကြည့်ရှုရဖို့ ရှိနေကြောင်းလည်း မာကာသတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။

Photo Credit: Marca

မက်ဆီက သူ ပါဝင် သရုပ်ဆောင်ရမယ့် အခန်းတွေကို အာဂျင်တီးနားနိုင်ငံ အထိ သွားရောက်ကာ ရိုက်ကူးခဲ့တာ မဟုတ်ပဲ သူ့ရဲ့ ပဲရစ်မြို့မှာ ရှိနေတဲ့ ဇိမ်ခံအိမ်ကြီးမှာတင် ရိုက်ကွင်းသဖွယ် ပြင်ဆင်ကာ ရိုက်ကူးခဲ့တာ ဖြစ်ကြောင်း ဇာတ်လမ်းတွဲရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက ထုတ်ဖော် ပြောကြားထားပါသေးတယ်။

ကဲ ကျွန်တော်တို့ရဲ့ သရုပ်ဆောင် အသစ်လေး မက်ဆီကို အားပေးဖို့ အဆင်သင့်ပဲလားဗျ။