လက်ရှိအချိန်မှာ စပိန်နည်းပြတာဝန်ကို ထမ်းဆောင်နေရတဲ့ ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အင်းနရစ်ကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေ အစီအစဉ်မှာ မက်ဆီရဲ့ ပါရမီနဲ့ အနီးစပ်ဆုံး တူညီတဲ့ ကစားသမားဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်းကိုတော့ မက်ဆီရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ အင်နီယေစတာ ဖြစ်ပါတယ်လို့ ဖြေဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဂျပန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဗစ်ဆယ် ကိုဘေးအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ ဘောလုံးကစားနေသေးတဲ့ အင်နီယေစတာဟာ ဘာစီလိုနာရဲ့ နာမည်ကြီး လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ရော နိုင်ငံအသင်းဖြစ်တဲ့ စပိန်နဲ့ပါ ရရှိနိုင်သမျှ ဆုဖလားတွေအားလုံးကို ဆွတ်ခူးနိုင်တဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

ကမ္ဘာ့အကောင်းဆု​ံး ကစားသမားဆုကို အများဆုံး ဆွတ်ခူးထားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ မက်ဆီဟာ ဘောလုံးသမိုင်းရဲ့ ပါရမီအမြင့်မားဆုံး ကစားသမား ဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေရော ဘောလုံးပရိသတ်အများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရသူဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ ဘရာဇီး တိုက်စစ်မှူး ပီလီ ၊ အာဂျင်တီးနားတိုက်စစ်မှူး မာရာဒိုနာတို့ရှိလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းမှာ မက်ဆီကိုရော အင်နီယေစတာကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ အင်းနရစ်ကတော့ မက်ဆီရဲ့ ပါရမီနဲ့ အနီးစပ် ဆုံး ပါရမီကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဟာ အင်နီယေစတာဖြစ်ကြောင်း သူ့ရဲ့အမြင်ကို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca.com

လူးဝစ်အင်းနရစ်က ” ကျွန်တော့်ကို အကြီးအကျယ် အံ့အားသင့်စေတဲ့ ကစားသမားလား။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဆုံတွေ့ခဲ့ရတဲ့ ကစားသမားတွေကိုပြောတာလား… နည်းပြဘဝမှာ ဆုံတွေ့ရတဲ့ ကစားသမားတွေကို ပြောတာလားဆိုတာ ကျွန်တော်မသိပေမယ့် မက်ဆီ ဟာ ကျွန်တော့်အတွက် အံ့အားသင့်စရာ အကောင်းဆုံး ကစားသမားပါ။ ဒါက သံသယ ဖြစ်စရာမလိုပါဘူး။ ပြီးတော့ မက်ဆီရဲ့ ပါရမီနဲ့ အနီးစပ်ဆုံး ပါရမီကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဟာ အင်နီယေစတာပဲလို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီက ကွဲပြားတဲ့ လူတွေဆီကနေ ကြီးမားတဲ့ လေးစားမှုတွေကို ရယူထားနိုင်သူ တစ်ဦးပါ ” လို့ ရှင်းလင်း ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။