စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ် ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ၈-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးပွဲကို ကြုံတွေ့ခဲ့ အပြီးမှာတော့ အသင်းကနေ ထွက်ခွာဖို့ အတွက် စိတ်ဆန္ဒပြင်းပျသွားပြီလို့ သိရှိရပါတယ်။ မက်ဆီရဲ့ မွေးရပ်မြေ ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ သတင်းဌာနတွေရဲ့ အဆိုအရတော့ မက်ဆီဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လမှာ ဘာစီလိုနာအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ ရပေမယ့် ၂၀၂၁ ခုနှစ်အထိ မစောင့်ဆိုင်းလိုတော့ပဲ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာပဲ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနိုင်ကြောင်း သိထားရပါတယ်။

Photo Credit: Yahoo Sports

အသက်၃၃နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးကို ဘာစီလိုနာအသင်းမှာသာ မြှုပ်နှံခဲ့သူ ဖြစ်ပြီး ဘာစီလိုနာမှာပဲ ကစားသမားဘဝ ကုန်ဆုံးလိမ့်မယ်လို့ ထင်ကြေး ပေးခံထားရသူပါ။ ဒါပေမယ့် လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မက်ဆီဟာ လက်ရှိ ဘာစီလိုနာအသင်းရဲ့ လူစာရင်းကို အားမရသလို အသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ စီမံခန့်ခွဲမှု အလွဲတွေကို စိတ်ပျက်နေပြီ ဖြစ်တာကြောင့် သူ့အတွက် အဆင်ပြေနိုင်မယ့် အသင်းသစ် တစ်သင်းကို ရှာဖွေနေပြီး ဆရာဟောင်း ပပ်ဂွာဒီယိုလာရှိရာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းနဲ့ ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့ထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီ လို့ သိရှိရပါတယ်။

Photo Credit: Yahoo Sports

Esporte Interativo သတင်းဌာနရဲ့ အဆိုအရတော့ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေကြောင်းကို ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဆီ ပြောကြားပြီးပြီ ဖြစ်ကာ သူ့အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့ပါက လက်ခံပေးဖို့အတွက် တောင်းဆိုထားတယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့ အတွက် ကလပ်အသင်း အတော်များများက စိတ်ဝင်စားနေကြပြီး အဆိုပါ အသင်းတွေထဲကမှ အီတလီ ကလပ် အင်တာမီလန် ၊ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီ ၊ အီတလီ ကလပ် ဂျူဗင်တပ်အသင်းနဲ့ မေဂျာလိဂ်ကလပ် မိုင်ယာမီ အသင်းတို့ဟာ မက်ဆီကို ခေါ်ယူနိုင်မယ့် အသင်းတွေ အဖြစ် ရေပန်းစားလို့ နေပါတယ်။ မက်ဆီကို ခေါ်ယူနိုင်ချေရှိတဲ့ နောက်ထပ် အသင်းတစ်သင်း ကတော့ မက်ဆီရဲ့ အသင်းဖော်ဟောင်းတစ်ဦး ဖြစ်တဲ့ ဇာဗီ ဦးဆောင်တဲ့ အယ်လ်ဆတ်အသင်း ဖြစ်တယ် လို့လည်း ဘာစီလိုနာအခြေစိုက် သတင်းဌာနတချို့က ဆိုထားကြပါတယ်၊