ဘာစီလိုနာအသင်းရဲ့ လက်ရှိ အသင်းဥက္ကဌဖြစ်သူ ယိုအန်လာပေါ်တာက စပိန်ရေဒီယို RAC1 နဲ့ အင်တာဗျူးလုပ်နေစဉ်အတွင်း သူက လီယွန်နယ်မက်ဆီအနေနဲ့ အသင်းနဲ့ လက်တွဲဖြုတ်မယ့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ မျှော်လင့်ခဲ့သလို မက်ဆီကိုလည်း အသင်းအတွက် လုပ်ခလစာမယူပဲ ကစားပေးဖို့ မျှော်လင့်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ရာ မက်ဆီက လာပေါ်တာရဲ့ ပြောစကားတွေက အမှန်တကယ် မဟုတ်ကြောင်းနဲ့ ဒီစကားတွေကြောင့် သူ့ကို စိတ်ထိခိုက်ခဲ့ရကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Ace Football

အသက်(၃၄)နှစ်အရွယ်ရှိ အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာပဲ သူအချိန်ကြာမြင့်စွာ ကျင်လည်ခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကို အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် အသင်းဥက္ကဌ လာပေါ်တာက အမျိုးစုံ ကြိုးစားခဲ့ပေမယ့် လာလီဂါပြိုင်ပွဲဘက်က ထုတ်ပြန်ထားတဲ့ ကစားသမားလစာပိုင်း ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် ဘာစီလိုနာအသင်းက မက်ဆီကို သက်တမ်းမတိုးနိုင်တော့ပဲ လက်လွတ်လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် အောက်တိုဘာလအတွင်းက RAC1 ရေဒီယိုနဲ့ အင်တာဗျူးမှ လာပေါ်တာက မက်ဆီကို အသင်းမှာ ဆက်ရှိနေချင်ခဲ့သလို အသင်းအတွက် လစာမယူပဲ ဆက်ကစားပေးစေချင်ခဲ့တယ်လို့ ပြောဆိုလာခဲ့ရာ မက်ဆီက ဒီစကားနဲ့ပတ်သက်ပြီး “အမှန်က ကျွန်တော် ထွက်ခွာသွားတုန်းက ရှင်းပြခဲ့သလိုပဲ ကျွန်တော် ဒီမှာပဲ ဆက်နေဖို့ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်ကို အသင်းအတွက် အလကား ကစားပေးဖို့ ဘယ်တုန်းကမှ မေးမြန်းမခံခဲ့ရဖူးဘူး။ လစာငါးဆယ်ရာခိုင်နှုန်း လျော့ယူပေးဖို့်ကိုပဲ မေးမြန်းခဲ့တာပါ။ ဒါကိုလည်း ကျွန်တော့်ဘက်ကနေ ဘာပြသာနာမှ မရှိပဲ လက်ခံခဲ့တယ်။ ကျွန်တော် ဘာစီလိုနာအသင်းကို ကူညီချင်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော့်မိသားစုကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ ဆန္ဒရှိခဲ့ကြတယ်။ ဥက္ကဌရဲ့ ဒီစကားတွေကတော့ ကျွန်တော့်အတွက် တကယ်ကို အဆင်မပြေပါဘူး။ ဒါက ကျွန်တော့်ကို နာကျင်စေရပါတယ်။ နောက်ပြီး ဒီစကားကြောင့် ကျွန်တော့်ကို လူတွေက သံယယဝင်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို သံသယဝင်ခံရတာမျိုးကို မရရှိသင့်ဘူးလို့ပဲ ကျွန်တော် ထင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။