ကမ္ဘာ့ဘောလုံးပရိသတ်တွေ ချစ်ကြတဲ့ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယမန်နေ့မှာပဲ အသက် ၃၄နှစ် ပြည့်သွားခဲ့ပါပြီ။ မက်ဆီလို ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ကစားသမား တဦး အတွက် မွေးနေ့ပွဲတွေကို ကြီးကျယ်စွာ ဆင်နွှဲတာဟာ အံ့အားသင့်စရာ မဟုတ်ပေမယ့် ယမန်နေ့မှာတော့ မက်ဆီဟာ သူ့ဘဝအတွက် အမှတ်ရစရာ ကောင်းတဲ့ မွေးနေ့ပွဲတခုကို ပါဝင် ဆင်နွှဲခဲ့ရပါတယ်။ အဲ့ဒါကတော့ အာဂျင်တီးနား အသင်းသားတွေ စုပေါင်းပြီး မက်ဆီအတွက် ဖန်တီးပေးခဲ့တဲ့ မွေးနေ့ပွဲပဲ ဖြစ်ပါတယ်။

 

Photo Credit: Daily Mail

မက်ဆီဟာ လက်ရှိအချိန်မှာ ကိုပါအမေရိကပြိုင်ပွဲကို ယှဉ်ပြိုင်ကစားဖို့ အတွက် အာဂျင်တီးနား အသင်းသားတွေနဲ့ အတူ ဘရာဇီးလ်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ပြိုင်ပွဲကာလ ဖြစ်တာကြောင့် သူ့ရဲ့ မွေးနေ့ပွဲကို အကျဉ်းချုံးပဲ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တီးနား အသင်းသားတွေ ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ပျော်ရွှင်သွားအောင် ပြုလုပ်ဖို့ အတွက် မွေးနေ့ပွဲကို လျို့ဝှက် စီစဉ်ခဲ့ပြီး မက်ဆီရဲ့ မွေးနေ့ဖြစ်တဲ့ ၂၄ရက်နေ့ကို ကူးပြောင်းတဲ့ ၂၃ရက်နေ့ ညသန်းခေါင်ယံ အချိန်မှာ အိပ်မောကျနေတဲ့ မက်ဆီကို နှိုးပြီး မွေးနေ့ပွဲ ကျင်းပပေးခဲ့ကြပါတယ်။

Photo Credit: Daily Mail

အာဂျင်တီးနား အသင်းသားတွေဟာ မက်ဆီကို မွေးနေ့ပွဲ ပြုလုပ်ပေးနေတဲ့ ဗွီဒီယိုဖိုင်ကို ရိုက်ကူးခဲ့ကြပြီး ဗွီဒီယိုဖိုင်ထဲမှာတော့ အိပ်မောကျနေတဲ့ မက်ဆီဟာ ညသန်းခေါင်ကြီး သူ့ကို လာနှိုးတဲ့ အာဂျင်တီးနား အသင်းသားတွေကို အိပ်ချင်မူးတူးနဲ့ ကြည့်နေခဲ့ပြီး သူ့အတွက် မွေးနေ့ဖယောင်းတိုင် ယူလာပေးကာ ဟက်ပီးဘက်ဒေးသီချင်းကို အသံကုန် ဆိုကြတော့မှ သူ့ရဲ့မွေးနေ့ပွဲ ကျင်းပနေတာကို သိရှိသွားပါတယ်။ သူ့အတွက် လျို့ဝှက်မွေးနေ့ပွဲ စီစဉ်ပေးခဲ့တာကို သိရှိသွားချိန်မှာ မက်ဆီဟာ အတော်လေးကို ပျော်ရွှင်သွားခဲ့ပြီး သူ့ရဲ့ မျက်နှာပေါ်မှာ အသင်းသားတွေရဲ့ သိတတ်မှုအတွက် ကျေနပ်နေတဲ့ ခံစားချက်တွေကို ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ အခန်းဖော် ဖြစ်သူ အဂူရိုကတော့ အိပ်မောကျနေတဲ့ အချိန်မှာ ရုတ်တရတ် အနှိုးခံလိုက်ရတဲ့ အတွက် ခဏတာ ဆူပုတ်နေတာကိုလည်း ဗွီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ Happy Birthday Again ပါ မက်ဆီရေ…။