ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ တနင်္ဂနွေနေ့ည၊ တနင်္လာနေ့ နံနက်၊ (၂း၃၀) အချိန်မှာ ဗီလာရီးရဲလ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေချိန်မှာ မက်ဆီအနေနဲ့ အသင်းပြောင်းမယ့် အကြောင်းကို ဘာမှ မပြောပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် ကုန်ဆုံးသွားရင် စာချုပ်သစ် ထပ်တိုးတော့မှာ မဟုတ်ဘဲ လာမယ့် နောက်နှစ် (၂၀၂၁) ခုနှစ်ရာသီအကုန်မှာ အသင်းပြောင်းမှာ ဖြစ်တယ်လို့ စပိန် အခြေစိုက်သတင်းတွေက အခိုင်အမာ ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့က ကစားခဲ့ကြတဲ့ လာလီဂါ ပွဲစဉ်မှာ အက်သလက်တီကိုအသင်းနဲ့ (၂-၂) သရေကျခဲ့ပြီးတဲ့နောက် လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) နေရာက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ် (၄) မှတ် ကွာဟသွားခဲ့တာကြောင့် လာလီဂါ ဆုဖလားကို မရရှိနိုင်ချေ ရှိလာပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ လက်ကျန် ပွဲစဉ် (၅) ပွဲသာ ကစားဖို့ လိုအပ်တော့တဲ့ အချိန်မှာ ရမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် မက်ဆီအနေနဲ့ အသင်းပြောင်းနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး နည်းပြ ဆက်တီယန်ကလည်း မက်ဆီရဲ့ အနာဂတ်အကြောင်းကို ပြောပြခဲ့ပါတယ်။

Photo Credit: Sportskeeda

ဘာစီလိုနာ နည်းပြ ဆက်တီယန်က “ကျွန်တော် မက်ဆီရဲ့ အနာဂတ်အကြောင်းကို မှန်းဆပြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုရင် မက်ဆီက အသင်းပြောင်းမယ့် အကြောင်းကို ဘာဆိုဘာမှ မပြောသေးလို့ပါပဲ။ ဒါက ကျွန်တော့်ရဲ့ အလုပ်မဟုတ်ပါဘူး။ ကျွန်တော် ထပ်ပြောရမယ် ဆိုရင် သူက ကျွန်တော့်အပေါ်မှာ ကောင်းပါတယ်။ ကျန်တာတွေကတော့ မှန်းဆချက်တွေ သက်သက် ဖြစ်ပါတယ်။ အဲဒီမှန်းဆချက်တွေက ကျွန်တော့်ရဲ့ အတွေးထဲမှာတောင်မှ မရှိပါဘူး။ သတင်းမီဒီယာတွေက ဒါတွေအတွက် ရှိနေကြတာပါ။ မက်ဆီ လေ့ကျင့်ရေး ကောင်းစွာ ဆင်းတာကို ကျွန်တော် မြင်တွေ့ရတယ်။ ဒီထက် ဘာမှ မပိုပါဘူး”လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။