MySport Myanmar

ကစားသမားဘဝအတွင်း မက်ဆီ လုံးဝ မရယူနိုင်သေးဖူးတဲ့ Golden Foot ဆု

ဘောလုံးလောကရဲ့ GOAT ကြီး လီယွန်နယ်မက်ဆီဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ အသင်းလိုက်ဆုဖလားများစွာ တစ်ဦးချင်းဆုတံဆိပ်များစွာကို အကုန် သိမ်းကျုံးရယူထားနိုင်ခဲ့တာကြောင့် မက်ဆီ မရဖူးသေးတဲ့ ဆုဖလား ဆုတံဆိပ်ဆိုလို့ မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်ထိ မက်ဆီ မရဖူးသေးတဲ့ individual award တစ်ခုတော့ ရှိနေပါသေးတယ်။ ဒါကတော့ Golden Foot Award ဆိုသော ရွှေခြေထာက်ဆုပါ။

Photo Credit : Today Times Live

အသက်(၂၈)နှစ်အထက် ဘောလုံးသမားများ လက်ရှိ ဘောလုံးသမားတစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေတဲ့သူတွေထဲကမှ တစ်နှစ်တာအတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူကို ရွေးချယ်ပြီး နှစ်စဉ်နှစ်တိုင်း ချီးမြှင့်တဲ့ ဆုတစ်ခု ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်ကနေ စတင်ပြီး ချီးမြှင့်လာခဲ့တဲ့ Golden Foot ဆုကို ဘက်ဂီယို နက်ဗက် ရှက်ချင်ကို ရော်နယ်လ်ဒိုနာဇာရီယို ဒယ်လ်ပီယာရို ရောဘတ်တိုကားလို့စ် ရော်နယ်လ်ဒင်ဟို တော့တီ ရိုင်ယန်ဂစ် အီဘရာဟီမိုဗစ် ဒရော့ဘာ အင်နီယေစတာ အီတူး ဘူဖွန် ကာဆီးလက်စ် ကာဗာနီ မိုဒရစ် ရော်နယ်လ်ဒို မိုဆာလာတို့က အသီးသီး ဆွတ်ခူးခဲ့ပြီး ၂၀၂၂ခုနှစ်အတွက်ကိုတော့ ဘိုင်ယန်ရဲ့ ပိုလန်ကစားသမားကြီး လီဝန်ဒေါစကီးက ဆွတ်ခူးသွားခဲ့ပါတယ်။

Photo Credit : O Globo

ဒီဆုရဲ့ ထူးခြားချက်က တစ်ကြိမ် ဆွတ်ခူးထားနိုင်ခဲ့သူကို ထပ်မံ ချီးမြှင့်ခြင်း မရှိတော့သလို အသင်(၂၈)နှစ်နဲ့အထက် ကစားသမားထဲမှ ပြက္ခဒိန်နှစ် တစ်နှစ်တာအတွင်းမှာ တောက်ပခဲ့သူကိုသာ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။ မက်ဆီအတွက် ကံဆိုးသွားတာကတော့ ၂၀၂၂ကမ္ဘာ့ဖလားကိုသာ အရင် ကျင်းပနေတဲ့ ပုံစံအတ်ိုင်း ဇွန် ဇူလိုင်မှာသာ ကျင်းပဖြစ်ခဲ့မယ်ဆိုရင် 2022 Golden Foot က လီဝန်ဒေါစကီးအတွက် မဟုတ်ပဲ မက်ဆီအတွက် ဖြစ်လာမှာ အသေအချာပါပဲ။ ဒါပေမယ့် ပိုလန်တိုက်စစ်မှူးကြီးက ၂၀၂၂ခုနှစ်အတွင်း အသင်းဟောင်း ဘိုင်ယန်မြူးနစ်အတွက်ရော အသင်းသစ် ဘာစီလိုနာအတွက်ပါ ကစားထားခဲ့ရသလို သွင်းဂိုးတွေလည်း များစွာ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပြီး သူရဲ့အသက်အရွယ်က (၃၄)လည်း ရောက်ရှိနေပြီဖြစ်လို့ Golden Foot ဆုနဲ့ အကျုံးဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ မဲပေးရွေးချယ်မှုအရ လီဝန်ဒေါစကီးက 2022 Golden Foot Winner ဖြစ်လာခဲ့ရပါတယ်။ ဒီဆုနဲ့ ကံမစပ်သေးတဲ့ မက်ဆီက လက်ရှိမှာ ပီအက်စ်ဂျီအတွက် အကောင်းဆုံး စွမ်းဆောင်ထားနိုင်သလို အသင်းနဲ့ပါ ထပ်မံ သက်တမ်းတိုးဖွယ်လည်း ရှိနေတာကြောင့် လာမယ့်နှစ်ရဲ့ Golden Foot ဆုရှင် ဖြစ်လာဖို့က ဖြစ်နိုင်ခြေ အရမ်းများနေတယ်လို့ပဲ သတ်မှတ်ရပါလိမ့်မယ်။

Exit mobile version