လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို လွှမ်းမိုးနိုင်ဆုံး ကစားသမားတွေဖြစ်ခဲ့သလို အခုအချိန်ထိလည်း သူတို့ရဲ့စွမ်းဆောင်ရည်တွေ လုံးဝကြီးကျဆင်းသွားတယ်ကို မရှိသေးပါဘူး။ ရော်နယ်ဒိုဆိုရင်လည်း ဂျုဗင်တပ်စ်အတွက် သွင်းဂိုးတွေ ဆက်တိုက်ရယူပေးနေခဲ့ရာ အခုဆိုရင် စီးရီးအေ၉ပွဲဆက်တိုက် ဂိုးသွင်းယူသူပါ ဖြစ်လာခဲ့ရပြီး သူရဲ့ပြိုင်ဘက်ဖြစ်သူ မက်ဆီကတော့ မနေ့ညက ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုး၂ဂိုးစလုံး သူတစ်ယောက်တည်း ဖန်တီးပေးနိုင်ခဲ့ပြီး ချာတိတ်လေး အန်ဆုဖာတီက သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဘလွန်းဒီအောဆုကို ၆ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့တဲ့ မက်ဆီက ဒီရာသီမှာတော့ သူရဲ့သွင်းဂိုးစွမ်းရည်တွေက ရော်နယ်ဒိုနဲ့ ယှဉ်မယ်ဆိုရင် နည်းပါးနေသေးပေမယ့်လည်း ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲမှာတော့ မက်ဆီက သွင်းဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်နေရသလို ဂိုးဖန်တီးမှုမှာလည်း အကြိမ်ရေအများဆုံး ဖြစ်နေရပါတယ်။ မက်ဆီက လီဗန်တေးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးမရယူနိုင်ခဲ့ပေမယ့်လည်း ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဒီရာသီ လာလီဂါရဲ့ဂိုးဖန်တီးမှုအများဆုံးသော ကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာကနေ ဖန်တီးမှု၈ကြိမ်နဲ့ ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

စပိန်လာလီရဲ့ဒီရာသီ ဂိုးဖန်တီးမှုအများဆုံးစာရင်းမှာ မက်ဆီရဲ့အသင်းဖော် ဆွာရက်ဇ် ဗလင်စီယာတိုက်စစ်ကစားသမား ရိုဒရီဂိုနဲ့ ဆိုစီဒက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ပေါ်တူတို့က ဂိုးဖန်တီးမှု ရကြိမ်နဲ့ မက်ဆီရဲ့နောက် ဒုတိယနေရာမှာ အသီးသီး ရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် ဒီရာသီရဲ့ စပိန်လာလီဂါ သွင်းဂိုးအများဆုံးစာရင်းမှာလည်း မက်ဆီက ၁၄ဂိုးနဲ့ ရပ်တည်လျက်ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာနဲ့ ၁ဂိုးကွာခြားနေကာ အပြိုင်အဆိုင် ဖြစ်လို့နေပါတယ်။ ဒါပေမယ့် မက်ဆီက ၁၇ပွဲကစားပြီးမှ သွင်းဂိုး၁၄ဂိုးထိ ရယူခဲဲ့တာဖြစ်ကာ ဘန်ဇီမာကတော့ ၂၁ပွဲဲထိ ကစားပြီးမှသာ ၁၃ဂိုးရယူထားတာဖြစ်ကာ ဂိုးဖန်တီးမှုအပိုင်းမှာလည်း မက်ဆီက သာလွန်နေတာကြောင့် ဒီရာသီမှာလည်း ပီချီချီဆု (လာလီဂါသွင်းဂိုးအများဆုံးဆု)ကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့်လည်း ဥရောပရွှေဖိနပ်ဆုမှာတော့ အမ်မိုဘီလီ လီဝန်ဒေါစကီးတို့လို တိုက်စစ်မှူးတွေက သွင်းဂိုးတွေ ၂၀ကျော်နေကြပြီမို့ ဒီနှစ်အတွက် ဥရောပရွှေဖိနပ်ဆုကတော့ မက်ဆီအတွက် ခက်ခဲဖွယ်ရှိနေပါတယ်။