ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၂၂)မှာ ဘာစီလိုနာအသင်းက လီဗန်တေးအသင်းကို လူငယ်တိုက်စစ်မှူးလေး အန်ဆုဖာတီရဲ့သွင်းဂိုးတွေနဲ့အတူ ၂ဂိုး၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဖာတီရဲ့သွင်းဂိုးတွေကိုလည်း အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင်ဖြစ်သူ လီယွန်နယ်မက်ဆီကနေ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ကိုယ်တိုင်သွင်းဂိုးမရယူနိုင်ရင်တောင် အသင်းဖော်တွေ ဂိုးရအောင်ဖန်တီးပေးနိုင်သူဖြစ်ပေမယ့်လည်း တကယ်တော့ မက်ဆီက ကြံခိုင်မှုမပြည့်ဝဲ ပေါင်ဒဏ်ရာကို ခံစားနေလျက်နဲ့ အသင်းအတွက် ပါဝင်ကစားနေတာဖြစ်တယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Tribuna.com

ESPN ရဲ့ ဖော်ပြချက်အရ မက်ဆီရဲ့ပေါင်ဒဏ်ရာက စိုးရိမ်စရာကောင်းတဲ့ ရေရှည်ဒဏ်ရာမျိုး မဟုတ်ပေမယ့်လည်း သတိထားဖို့တော့ လိုအပ်တဲ့ အသေးစားဒဏ်ရာမျိုးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာရဲ့တိုက်စစ်မှာ လူးဝစ်ဆွာရက်ဇ်က ဒူးဒဏ်ရာခွဲစိတ်ထားရလို့ မေလလောက်အထိ အနားယူရမှာဖြစ်သလို ဒဏ်ရာတွေ မကြာခဏရတတ်သူဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီမှာလည်း လေ့ကျင့်ခန်းပြန်ဆင်းနေရင်း ကြွက်သားဒဏ်ရာ ထပ်ရသွားတာကြောင့် ထပ်မံအနားယူရဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal.com

ဒီလို တိုက်စစ်က ဒဏ်ရာပြသာနာတွေနဲ့ ကြုံတွေ့နေရချိန်မှာ မက်ဆီက သူရဲ့ပေါင်ဒဏ်ရာကို အကြောင်းပြပြီး အနားယူဖို့ မစဉ်းစားခဲ့ပဲ ပွဲတိုင်းနီးပါး ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီအစမှာလည်း ဒဏ်ရာပြသာနာကြောင့် ဘာစီလိုနာအသင်းရဲ့ပွဲအနည်းငယ်ကို လွဲချော်ခဲ့ရပြီး ဒေါ့မွန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာမှ ပြန်လည်ကစားခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက မက်ဆီဟာ ဘာစီလိုနာရဲ့ပွဲတော်တော်များများမှာ ပါဝင်ကစားခဲ့ပြီး ဂီတာဖေးအသင်းနဲ့ လာလီဂါပွဲ အီဘစ်ဇာနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေးပွဲစဉ်တွေကိုသာ လွဲချော်ခဲ့ရပါတယ်။ မက်ဆီက ဘယ်ဘက်ပေါင်ဒဏ်ရာနဲ့ပဲ လာလီဂါပွဲပေါင်းများစွာကို ပါဝင်ကစားခဲ့ကာ သွင်းဂိုး၁၄ဂိုးရယူထားနိုင်ခဲ့ပြီး ဒီရာသီ လာလီဂါရဲ့သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို လီဗန်တေးနဲ့ပွဲမှာ သွင်းဂိုး၂ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် လာလီဂါရဲ့ ဂိုးဖန်တီးမှုအများဆုံးသူအဖြစ်နဲ့ပါ ပူးတွဲရပ်တည်လို့နေပါတယ်။