စပိန် လာလီဂါ ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်‌ဆီ က ပြီးခဲ့တဲ့ လ အနည်းငယ်အတွင်း ပြဿနာတွေ ဖြစ်ပြီးနောက်ပိုင်း မှာ‌တော့ သူ့အနေနဲ့ အသင်းမှာ နေရတာ ပိုပြီးတော့တောင် ပျော်ရွှင်လာတယ်လို့ ခံစားမိကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ ဟာ အသင်းရဲ့ စီမံခန့်ခွဲပုံတွေကို သဘောမကျတာကြောင့် နွေရာသီ အပြောင်းအရွှေ့တုန်းက ဘာစီလိုနာ အသင်းထံကနေ ထွက်ခွာဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ လွယ်လွယ်ကူကူ ထွက်ခွာရမှာ မဟုတ်ပဲ အသင်းနဲ့ တရားရင်ဆိုင်ရမယ့် အခြေအနေနဲ့ ကြုံရမှာကို သိနေခဲ့တာကြောင့် လက်လျှော့ပြီး ရာသီကုန်အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Marca

လီယွန်နယ် မက်ဆီ နဲ့ ဘာစီလိုနာ အကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်း တိုးဖို့ အတွက်တော့ သဘောတူညီမှု မရရှိသေးတာ ဖြစ်ပြီး ပရိသတ် အားလုံးကလည်း မက်ဆီ အနေနဲ့ ဘာစီလိုနာ မှာ ဆက်ရှိနေမလား ဒါမှမဟုတ် အသင်းကနေ ထွက်ခွာသွားမလား ဆိုတာကို စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်လွှင့်မယ့် La Sexta နဲ့ အင်တာဗျုးမှာတော့ မက်ဆီအနေနဲ့ ဒီရက်ပိုင်းတွေမှာ ပျော်ရွှင်နေကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ “ ကျွန်တော် အခု အဆင်ပြေနေပါပြီ။ နွေရာသီတုန်းက ကျွန်တော် ဆိုးဆိုးဝါးဝါးတွေ လုပ်ခဲ့မိတယ်‌ဆိုတာ မှန်ပါတယ်။ အစပိုင်းမှာတော့ ဒီဖိအားတွေကို ကျွန်တော်နဲ့အတူ သယ်ခဲ့မိတယ်။ ဒါပေမယ့် အခုတော့ အားလုံးအတွက် တိုက်ခိုက် ပေးနေတယ်လို့ ခံစားမိပါတယ် ”

Photo Credit: Marca

“ အသင်းအနေနဲ့ ခက်ခဲတဲ့ အချိန်မှာ ရောက်နေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် အကောင်းဆုံး ပြန်ဖြစ်လာဖို့ မျှော်လင့်နေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ထိုကဲ့သို့ ပြောကြားချက်တွေအရ မက်ဆီ ရဲ့ ရေရှည်အနာဂါတ် ကို အတိအကျ ပြောလို့‌တော့ မရနိုင်ပေမယ့် လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းကလို အသင်းကနေ ထွက်ခွာဖို့ စိတ်ဆန္ဒတွေ ရှိမနေတော့တာတော့ အသေအချာပါပဲ။ မက်ဆီ ရဲ့ အနာဂါတ် ဟာ လာမယ့် ဘာစီလိုနာ အသင်း ဥက္ကဌရွေးချယ်ပွဲနဲ့ ပတ်သက်ပြီးလည်း မူတည်နေနိုင်ပါသေးတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ လာမယ့် ၂၀၂၁ ဇန်နဝါရီလ ၂၄ ရက်မှာ ဥက္ကဌဟောင်းဖြစ်သူ ဂျိုးစပ် မာရီရာ ဘာတိုမြူး ရဲ့ နေရာမှာ ဆက်ခံမယ့် ဥက္ကဌ အသစ်ကို ရွေးချယ်ရမှာ ဖြစ်ပြီးတော့ အဆိုပါ နေရာကို တာဝန်ယူမယ့်သူ အနေနဲ့ မက်ဆီ နဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးတွေ့ပြီး ဆွေးနွေးဖို့တော့ လိုပါလိမ့်မယ်။ လီယွန်နယ် မက်‌ဆီ ဟာ ပြီးခဲ့တဲ့ ဗလန်စီယာ အသင်းနဲ့ ပွဲစဉ်မှာ အသင်းတစ်သင်းတည်း အတွက် သွင်းဂိုး အများဆုံး သွင်းယူပေးထားနိုင်တယ် ဆိုတဲ့ ဘရာဇီး ဂန္တဝင် ကစားသမား ပီလီ ရဲ့ စံချိန်ကို လိုက်မှီနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။