ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီ ကတော့ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး ပြင်သစ်လီဂူး သွင်းဂိုးကို ယမန်နေ့ညမှာပဲ စတင် သွင်းယူနိုင်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းက နန့်တက်စ်အသင်းကို အိမ်ကွင်း Parc Des Princesကွင်းထဲမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး လီဂူးဝမ်း သွင်းဂိုးကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကိုလည်း မြင်တွေ့ခွင့် ရခဲ့ပါတယ်။

Photo Credit: AS English

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တခုလုံးကို စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ အတူ ဖြတ်သန်းခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အမှတ်မထင် ပီအက်စ်ဂျီအသင်းဆီ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းကို အမ်ဘာပေ ၊ နေမာတို့နဲ့ တွဲဖက်ကာ ဦးဆောင်နေသူ ဖြစ်ပြီး အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်ပေမယ့် လီဂူးဝမ်းပြိုင်ပွဲ မှာတော့ နန့်တက်စ်အသင်းနဲ့ ပွဲစဉ်ကို ရောက်ရှိမှသာ သွင်းဂိုး စတင် သွင်းယူနိုင်ခဲ့တာပါ။

Photo Credit: AS English

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားတဲ့ မက်ဆီက သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး လီဂူးဝမ်းသွင်းဂိုးကို သွင်းယူနိုင်ခဲ့လို့ ကျေနပ် ပျော်ရွှင်နေပြီး သူ့ရဲ့ သွင်းဂိုးကို အိမ်ကွင်း ပရိသတ်တွေ အရှေ့မှာ ရရှိခဲ့လို့ ပိုမို ပျော်ရွှင်မိကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မက်ဆီက – “ဒီနေ့ပွဲမှာ နိုင်ပွဲရခဲ့လို့ ပျော်ရွှင်မိပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့တွေ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် တဖက်အသင်းရဲ့ ဂိုးသမားက တချို့ အလုံးတွေကို ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက ကြောက်စိတ်မရှိပဲ ဆက်လက် တိုက်ပွဲဝင်ခဲ့လို့ အဆုံးမှာ ကျွန်တော်တို့တွေ အနိုင်ရခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံး လီဂူးဝမ်းသွင်းဂိုးကို အိမ်ကွင်း ပရိသတ်တွေ အရှေ့မှာ သွင်းယူနိုင်ခဲ့လို့လည်း ပိုပြီး ပျော်ရွှင်မိပါတယ်။ ကျွန်တော်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေ သွင်းယူထားနိုင်ပေမယ့် လိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုးတွေ ရယူနိုင်ဖို့ အမြဲတမ်း မျှော်လင့်ထားခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။