လက်ရှိ ကျင်းပနေတဲ့ ကိုပါအမေရိက ၂၀၂၀ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ကစားသမား ဖြစ်နေကြောင်း အချက်အလက်တွေ အရ သိရပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် တဦးတည်း ချွန်ထွက်ပြီး ကောင်းမွန်နေတဲ့ ကစားသမားမျိုး ရှိမနေခဲ့ပဲ လီဝမ်ဒေါစကီး ၊ အမ်ဘာပေ ၊ ရိုနယ်ဒို ၊ မက်ဆီ ၊ ကန်တီ ၊ ဟယ်ရီကိန်း စတဲ့ ကစားသမားတွေ အားလုံးဟာ ရွှေဘောလုံးဆုကို ရရှိဖို့ အခွင့်အရေး ဆတူနီးပါး ဖြစ်နေခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ယူရို၂၀၂၀ပြိုင်ပွဲနဲ့ ကိုပါအမေရိက ၂၀၂၀ပြိုင်ပွဲ တို့ကို ယခုလအတွင်းမှာ ကျင်းပခဲ့တာကြောင့် အဆိုပါ ပြိုင်ပွဲနှစ်ခုစလုံးမှာ သက်ဆိုင်ရာ အသင်းတွေနဲ့ အကောင်းဆုံး လုပ်ဆောင်ပြနိုင်တဲ့ ကစားသမားတွေဟာ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ပိုမို အခွင့်အလမ်း များလာမှာ ဖြစ်ပြီး လက်ရှိမှာတော့ မက်ဆီဟာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်လာပါတယ်။

မက်ဆီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၃၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို လက်ရှိ ယှဉ်ပြိုင် ကစားနေတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ၅ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Marca

 

နာမည်ကြီး လောင်းကစား websiteတခု ဖြစ်တဲ့ Oddschecker.comရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အခွင့်အလမ်း အများဆုံး ဖြစ်နေပြီး သူ့ရဲ့နောက်မှာတော့ ဟယ်ရီကိန်းက ဒုတိယ ရေပန်းအစားဆုံး ကစားသမား အဖြစ် ရှိနေကာ တတိယနေရာမှာတော့ ကန်တီ ၊ လီဝမ်ဒေါစကီး ၊ အမ်ဘာပေ ၊ ရိုနယ်ဒိုတို့က တန်းတူ အနေအထားနဲ့ ရပ်တည်နေပါတယ်။

ဒါကြောင့် ယခုနှစ် ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို မက်ဆီဟာ ဟယ်ရီကိန်းနဲ့အပြိုင် ယှဉ်လုရဖို့ ရှိနေကာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေသလို ဟယ်ရီကိန်းရဲ့ အင်္ဂလန်အသင်းကလည်း ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာကြောင့် သူတို့နှစ်ဦးမှာ ဘယ်သူက ရွှေဘောလုံးဆုကို ရယူနိုင်မလဲ ဆိုတဲ့ အချက်ဟာ ဘယ်သူက နိုင်ငံအသင်းနဲ့ ဆုဖလား အောင်မြင်မှု ရယူနိုင်လဲ ဆိုတဲ့ အချက်နဲ့သာ ဆုံးဖြတ်ရဖွယ် ရှိပါတယ်။ အကယ်၍ နှစ်သင်းစလုံးသာ ဆုဖလား ရခဲ့ရင် ၊ သို့မဟုတ် လွဲချော်ခဲ့ရင်တော့ မက်ဆီကသာ ရွှေဘောလုံးဆုကို ရယူနိုင်ဖွယ် ရှိပါတယ်။