ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်း ကတော့ စပိန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အတွက် မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်နဲ့ စတင် ဆွေးနွေးနေပြီ လို့ စပိန်သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ရှိနေတဲ့ဟာ ဆယ်စုနှစ် နှစ်ခု နီးပါး ရှိနေပြီ ဖြစ်ကာ ယခင်က ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝ ကို အဆုံးသတ် ဖို့ ရည်ရွယ်ခဲ့ပေမယ့် လက်ရှိ ဘောလုံးရာသီ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Express

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူနဲ့ အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ကိုးမန်းရဲ့ လုပ်ရပ်တွေကြောင့် အသင်းအပေါ် စိတ်ပျက်သွားခဲ့တာ လို့ သိရပြီး ဘာတိုမြူနဲ့ ကိုးမန်းတို့ဟာ မက်ဆီရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်တဲ့ ဆွာရက်ဇ်ကို အသင်းက​နေ ထွက်သွားဖို့ ဖိအား ပေးခဲ့သလို ကိုးမန်းဟာလည်း မက်ဆီနဲ့ ပထမဦးဆုံး စကားပြောဖြစ်ခဲ့ချိန်မှာ သူ့ရဲ့ လက်အောက်မှာ မက်ဆီအနေနဲ့ အရင်ကလို အခွင့်ထူးခံတွေ ရတော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြတာပါ။ လက်ရှိမှာတော့ မက်ဆီဟာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ စာရေးသား ပေးပို့ကာ တောင်းဆိုခဲ့ပြီး သူ့ရဲ့ ဆရာဟောင်း ဖြစ်သူ ပပ်ဂွာဒီယိုလာ ရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Photo Credit: Express

စပိန်အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ RAC1 နဲ့ TYC Sports တို့ရဲ့ အဆိုအရတော့ မန်စီးတီးအသင်းဟာ မက်ဆီဘက်က သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် စိတ်အားထက်သန် နေကြောင်း သိရှိခဲ့အပြီးမှာ မက်ဆီကို ခေါ်ယူဖို့ အတွက် အင်တိုက်အားတိုက် ကြိုးစားလာခဲ့ပြီး လက်ရှိမှာတော့ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေတယ် လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီကို ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့ RAC1 နဲ့ TYC Sports တို့က ဖော်ပြထားကြပြီး မက်ဆီရဲ့ လုပ်ခလစာ ဟာ ဘာစီလိုနာအသင်းမှာ ရရှိနေတဲ့ ပမာဏအတိုင်း မန်စီးတီးအသင်းမှာ ဆက်လက် ရရှိဖို့ ရှိနေတယ် လို့ စပိန်အခြေစိုက် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။