လက်ရှိ စပိန် လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ အသင်းဖော်ဟောင်း တစ်ဦး ဖြစ်တဲ့ ဖာဘရီဂတ်နဲ့ အတူ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ် လို့ မက်ဆီရဲ့ အေးဂျင့်ဟောင်း ဖြစ်တဲ့ ဆိုလ်ဒီနီ က ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ အာဆင်နယ်အသင်း ထံ ပြောင်းရွှေ့ ကစားဖို့ နီးစပ်ခဲ့ကြောင်း ဘောလုံး ပရိသတ် အတော်များများက သိရှိကြပေမယ့် ဘယ်အချိန်မှာ ပြောင်းရွှေ့ ကစားဖို့ နီးစပ်ခဲ့လည်း ဆိုတာ သိရှိသူ နည်းပါးပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ မက်ဆီရဲ့ အေးဂျင့်ဟောင်း ဖြစ်သူ ဆိုလ်ဒီနီက မက်ဆီအနေနဲ့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ ကစားဖို့ အလွန် နီးစပ်ခဲ့တဲ့ အချိန်ကို ပြန်ပြောင်း ပြောပြသွားခဲ့ပြီး မက်ဆီဟာ အကယ်ဒမီမှာ အတူ တွဲဖက် ကစားဖူးတဲ့ ဖာဘရီဂတ်နဲ့ အတူ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာ ဖြစ်ကြောင်း ပြောပြ သွားခဲ့ပါတယ်။ အာဆင်နယ်အသင်း ၊ ချယ်လ်ဆီးအသင်း ၊ ဘာစီလိုနာ အသင်းတို့မှာ ကစားဖူးကာ လက်ရှိ အချိန်မှာ မိုနာကိုအသင်း အတွက် ကစားပေးနေတဲ့ ဗာဘရီဂတ်ဟာ အာဆင်နယ် အသင်းဆီ ၂၀၀၃ ခုနှစ်မှာ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ကာ ပြောင်းရွှေ့ ကစားပြီး မကြာခင်မှာပဲ အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo Credit: AS English

ဆိုလ်ဒီနီ ကတော့ ၂၀၀၃ ခုနှစ်မှာ မက်ဆီဟာ ဖာဘရီဂတ်နဲ့ အတူ အာဆင်နယ် အသင်းထံ ပြောင်းကစားဖို့ စဉ်းစားခဲ့ဖူးကာ နောက်ဆုံးမှာတော့ ဘာစီလိုနာ အသင်းမှာပဲ ဆက်နေဖို့ စဉ်းစားခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဆိုလ်ဒီနီက ” မက်ဆီက အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အဆုံးသတ် မှာတော့ သူက မသွားခဲ့ပါဘူး။ ဖာဘရီဂတ် က ဘာစီလိုနာ အသင်းကနေ ထွက်ခွာခွင့် တောင်းခဲ့တဲ့နေ့ကို ကျွန်တော် မှတ်မိ နေပါသေးတယ်။ မက်ဆီကလည်း အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် သူက နောက်ဆုံးမှာတော့ အသင်းကနေ မထွက်ခဲ့ပါဘူး ” လို့ ပြန်ပြောင်း ပြောပြသွားခဲ့တာပါ။ မက်ဆီသာ အာဆင်နယ် အသင်းဆီ ရောက်ရှိ သွားရင် ဖာဘရီဂတ်နဲ့အတူ အာဆင်နယ် အသင်းမှာ ဘယ်လို အောင်မြင်မှုတွေ ရရှိမယ် လို့ ထင်ကြလဲဗျ…။