ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဘာစီလို်နာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ အသင်းနဲ့ လမ်းခွဲဖြစ်ခဲ့ပြီး ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့လို့ မက်ဆီကို ဆက်လက်မထိန်းသိမ်းထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းအပေါ် ဘောလုံးပရိသတ်တွေက အာရုံစိုက်မှု လျော့ကျလာခဲ့ပေမယ့်လည်း မက်ဆီမရှိပဲ ဥရောပ ချန်ပီယံလိဂ်လို ဆုဖလားမျိုးတွေကို အရယူနို်င်တယ်လို့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဆာဂျီယိုဘူးစကတ်စ်က ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Insider

ဘာစီလိုနာအသင်းရဲ့ ဝါရင့်ကွင်းလယ်လူကြီး ဘူးစကတ်စ်ဟာ သူရဲ့အသင်းဖော် မက်ဆီ အသင်းကနေ ထွက်ခွာသွားခဲ့ခြင်းအပေါ် အံ့အားသင့်ခဲ့ရပေမယ့်လည်း မက်ဆီမရှိတော့တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်လာနိုင်တဲ့အထိ စွမ်းဆောင်နိုင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘာစီလို်နာအသင်းဟာ ဒီကနေ့ညမှာပဲ ဒီရာသီရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အဖြစ် ၂၀၂ဝခုနှစ်တုန်းက နူးကမ့်မှာ အရှက်တကွဲ အရေးနိမ့်ခဲ့ရဖူးတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

မက်ဆီ အသင်းကနေ ထွက်ခွာခဲ့မှုနဲ့ပတ်သက်ပြီး ဘူးစကတ်စ်က “ဒါက အလွန်ကို အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့ရပါတယ်။ မက်ဆီအနေနဲ့ အသင်းအတွက် ပေးဆပ်ခဲ့တာတွေ အာလုံးရော ကျွန်တော့်အတွက် သူပေးခဲ့တဲ့ အရာတွေအားလုံးအတွက် သူအခုလို ထွက်ခွာသွားတာကို စိတ်မကောင်းဖြစ်မိရတယ်။ သူနဲ့ပတ်သက်ပြီး စိတ်ခံစားချက်တွေက စုဆောင်းမိလာခဲ့တာကြောင့် မေ့ပြစ်လိုက်ဖို့က ခက်ခဲတယ်။ ဒါပေမယ့် သူမရှိတော့တဲ့နောက်မှာ ကျွန်တော်တို့ဘက်က ပြောင်းလဲသင့်တာတွေ ပြောင်းလဲပြစ်ရပါတော့မယ်။ အခုဆိုရင် ကျွန်တော်တို့အသင်းအနေနဲ့ ဘောလုံးရာသီတစ်ခုကိုလည်း စတင်ဖြတ်သန်းနေပါပြီ။ မက်ဆီမပါဝင်ပဲနဲ့ ကျွန်တော်တို့ အကောင်းဆုံး ကစားတတ်အောင်လည်း ပြင်ဆင်ရပါတော့မယ်။ ဘောလုံးမှာက ဘာမဆို ဖြစ်နိုင်တာပဲ။ ပြီးခဲ့တဲ့ ရာသီမှာတောင် ရေပန်းစားမှု မရှိတဲ့ ချယ်လ်ဆီးက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲသေးတာပဲ။ အရေးကြီးတာက မက်ဆီလို အရည်အသွေးနဲ့ ကစားသမားမျိုး မရှိတော့တဲ့ အချိန်မှာ အသင်းလိုက်စုစည်းမှု အားကောင်းနေဖို့ လိုအပ်တာ။ အခု ကျွန်တော်တို့ ဒီပြိုင်ပွဲကို ရောက်ရှိနေပါပြီ။ အရမ်းစိတ်လှုပ်ရှားနေတယ်။ ပြိုင်ပွဲမှာ အောင်မြင်ဖို့ဆိုတာ ခက်ခဲမှန်းလည်း သိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရည်မှန်းချက်များစွာ ရှိနေပါတယ်။ ဒီဆုဖလားကြီးကိုလည်း ပိုင်ဆိုင်ချင်ပါတယ်” လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။