စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စာချုပ်သစ် မချုပ်ပဲ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့တဲ့ အကျိုးဆက် အနေနဲ့ ယူရို ၃၀၀သန်းနီးပါး ဆုံးရှုံးရတော့မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီကို စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ပဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုခဲ့ရတာပါ။

Photo Credit: Mirror

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားသူ ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး အားကစားသမားတွေထဲက တဦး ဖြစ်ပြီး သူ မရှိတော့တဲ့နောက်မှာ ဘာစီလိုနာ အသင်းရဲ့ ပုံရိပ်ဟာလည်း နိမ့်ကျသွားခဲ့ရပါတယ်။

နာမည်ကျော် စီးပွားရေး သတင်းဌာန တခု ဖြစ်တဲ့ Brand Financeရဲ့ တွက်ချက်မှုတွေအရ မက်ဆီ မရှိတော့တဲ့နောက် ဘာစီလိုနာအသင်းရဲ့ ပုံရိပ်တန်ကြေးဟာ ယူရို ၁၃၇သန်း လျော့ကျသွားသလို တနှစ်တာ စီးပွားရေး အမြတ်အစွန်း ရရှိမှုမှာလည်း ယူရို ၇၇သန်း လျော့ကျဖို့ ရှိကြောင်း သိရပါတယ်။

Photo Credit: Mirror

အဲ့ဒါအပြင် ဘာစီလိုနာအသင်းရဲ့ တနှစ်တာ ကွင်းဝင်ကြေးဟာ ပုံမှန်ထက် ယူရို ၁၇သန်း အထိ နည်းပါးသွားဖို့ ရှိနေသလို အသင်းရဲ့ ဝတ်စုံနဲ့ အခြား ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုကနေ ရရှိတဲ့ ဝင်ငွေဟာလည်း ယူရို ၄၃သန်း အထိ လျော့ကျသွားနိုင်ပါတယ်။

ဒါကြောင့် မက်ဆီကို အသင်းကနေ ထွက်ခွာခွင့် ပြုလိုက်တာကြောင့် ဘာစီလိုနာအသင်းဟာ ယခု ဘဏ္ဍာရေးနှစ် အတွင်းမှာ ယူရို ၂၇၄သန်း ဝန်းကျင် ဆုံးရှုံးနစ်နာနိုင်ကာ စီးပွားရေး ကျွမ်းကျင်သူတွေ ကတော့ မက်ဆီကို အသင်းကနေ ထွက်ခွာခွင့် ပြုလိုက်တဲ့ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်ဟာ မှားယွင်းကြောင်း ဝေဖန်ထားကြပါတယ်။