ဘာစီလိုနာ အသင်း အနေနဲ့ မနေ့ညက ဗလန်စီယာ အသင်း နဲ့ လာလီဂါ ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး တစ်ဖက် နှစ်ဂိုးစီနဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ထိုပွဲစဉ်မှာ ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ က ပွဲကစားချိန် ၄၉ မိနစ်အရောက်မှာ အသင်းအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ မက်‌ဆီ အနေနဲ့ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့‌ပေမယ့်လည်း ဗလန်စီယာ ဂိုးသမားဖြစ်သူ ဒိုမီနတ်ခ်ျ က အကောင်းဆုံး ကာကွယ် ပုတ်ထုတ်နိုင်ခဲ့ပြီးတော့ လျှံကျလာတဲ့ ဘောလုံးကို အသင်းဖော်ဖြစ်သူ ဂျော်ဒီ အယ်လ်ဘာ က ကန်တင်ပေးလိုက်တာကြောင့် မက်ဆီ က အနီးကပ် ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

အဆိုပါ သွင်းဂိုး ဟာ လီယွန်နယ် မက်ဆီ အတွက် ဘာစီလိုနာ ကစားသမားဘဝ ၆၄၃ ဂိုးမြောက် ပြည့်ခဲ့တဲ့ သွင်းဂိုး တစ်ဂိုး ဖြစ်ခဲ့ပြီးတော့ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အတွင်း ဆန်းတို့စ် အသင်း နဲ့ ၆၅၆ ပွဲကစားခဲ့ပြီး ၆၄၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘရာဇီးလက်ရွေးစင် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး တစ်ဦးဖြစ်သူ ပီလီရဲ့ ကလပ်အသင်း တစ်သင်းထဲအတွက် သွင်းဂိုးအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကို လိုက်မီ သွားနိုင်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် ပီလီ က လီယွန်နယ် မက်ဆီ ကို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ချီးကျုးစကားရေးသားဖော်ပြခဲ့ပါတယ်။ “ မင်းရဲ့ နှလုံးသားက အချစ်တွေနဲ့ ပြည့်လျှံနေတဲ့ အခါမျိုးမှာ မင်းရဲ့ ဦးတည်ရာ လမ်းကြောင်းကို ပြောင်းဖို့က အင်မတန် ခက်ခဲပါတယ်။ မင်းလိုပဲ၊ ငါလည်း တူညီတဲ့ အင်္ကျီတစ်ထည်တည်းကို နေ့တိုင်း ဝတ်ဆင်ရတာ နှစ်သက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ငါ သိပါတယ် ”

Photo Credit: Express

“ မင်းလိုပဲ၊ အိမ်လို့ ခံစားမိတဲ့ နေရာထက် ပိုကောင်းတဲ့ နေရာ မရှိဘူးဆိုတာ ငါ သိပါတယ်။ မင်းရဲ့ သမိုင်းဝင် မှတ်တမ်း တစ်ခုအတွက် ဂုဏ်ပြုပါတယ် လီယွန်နယ်။ ချုံငုံပြီးပြောရရင် မင်းရဲ့ လှပတဲ့ ဘာစီလိုနာ ကစားသမား ဘဝ အတွက် ဂုဏ်ပြုပါတယ်။ ငါတို့လို အသင်းတစ်သင်းတည်းကို အချိန်အကြာကြီး ချစ်မြတ်နိုးတယ်ဆိုတဲ့ ပုံပြင်မျိုးတွေက စိတ်မကောင်းစွာ နဲ့ပဲ ဘောလုံးလောကမှာ တဖြည်းဖြည်း နည်းလာနေပါပြီ။ ငါ မင်းကို အရမ်းလေးစားပါတယ်၊ လီယွန်နယ် မက်ဆီ ” ဆိုပြီး ရေး‌သားဖော်ပြခဲ့ပါတယ်။ ဗလန်စီယာနဲ့ ပွဲစဉ်က မက်ဆီ ရဲ့ ခေါင်းတိုက် သွင်းဂိုး ဟာ မက်ဆီ အတွက် ၂၀၁၇ မတ်လက စတင်ပြီး ဘာစီအသင်းအတွက် ပြိုင်ပွဲစုံမှာ ပထမ‌ဆုံး ခေါင်းတိုက် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာလည်း အသင်းတစ်သင်းတည်း အတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမား တစ်ဦးအဖြစ်လည်း မှတ်တမ်း တင်ထားနိုင်ပါတယ်။