ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ စပိန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ်က သူ့ရဲ့ ဆရာဟောင်း ပပ် ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်ချက်စတာ စီးတီးကို နောက်ကျအနိုင်ဂိုးတွေနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တဲ့ အပေါ် မယုံကြည်နိုင်အောင် ဖြစ်နေကြောင်း သိရှိရပါတယ်။

စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ လာရောက် တွေ့ဆုံကြရာ ပထမအကျော့ အဖြစ် အင်္ဂလန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က မန်ချက်စတာ စီးတီးက ရီးရဲလ်မက်ဒရစ်ကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာ စီးတီးကို ၂ဂိုးပြတ် အနိုင်ရမှသာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်မှာ ဖြစ်ပြီး တကယ်တမ်း ရင်ဆိုင် ကစားကြတဲ့ အချိန်မှာလည်း ဧည့်သည် မန်ချက်စတာ စီးတီးက တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပွဲကစားချိန် ၈၉မိနစ် အထိ ရီးရဲလ်မက်ဒရစ်ကို အသာစီး ရရှိခဲ့ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကလပ်အသင်း အဖြစ် စံချိန်တင်ထားတဲ့ ရီးရဲလ်မက်ဒရစ်က အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်မျိုးနဲ့ ပွဲပြီးခါနီး အထိ တသင်းလုံး တိုက်စစ်ဆင် ကစားသွားခဲ့တာကြောင့် လူစားဝင် လူငယ်ကြယ်ပွင့် ရိုဒရီဂိုရဲ့ အဖိုးတန် ရွှေသွင်းဂိုး နှစ်ဂိုးနဲ့အတူ သာမန် ပွဲကစားချိန် အတွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Express

အချိန်ပို ကစားခဲ့ကြရာမှာတော့ ရီးရဲလ်မက်ဒရစ်ကပဲ မန်ချက်စတာ စီးတီးထက် ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ပွဲကစားချိန် ၉၅မိနစ်မှာတော့ အဓိက တိုက်စစ်မှူး ဘန်ဇီမာက ရလာတဲ့ ပင်နယ်တီကို အမှားအယွင်း မရှိ အဆုံးပေးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘောလုံးလောက တခုလုံးကို အံ့အားသင့်သွားစေတဲ့ Comeback နိုင်ပွဲတပွဲကို ရရှိသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်အထိ ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို အနိုင်ယူ ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်တာကို မယုံကြည်နိုင်တဲ့ လူတွေ အများအပြား ရှိနေသေးပြီး အဆိုပါလူတွေထဲမှာ ဂွာဒီယိုလာရဲ့ တပည့်ကျော် မက်ဆီလည်း ပါဝင်နေကာ မက်ဆီရဲ့ အချစ်ဆုံး သူငယ်ချင်းလည်းဖြစ် မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် တိုက်စစ်မှူးလည်း ဖြစ်တဲ့ အဂူရိုက မက်ဆီဟာ သူ့ဆီကို “ငါ့ကို လာစမနေနဲ့။ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို နိုင်သွားတယ် ဆိုတာ မဖြစ်နိုင်ဘူး” လို့ ပြောကြားခဲ့ကြောင်း ပရိသတ်တွေကို ဖောက်သည်ချထားပါတယ်။