ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ သူဟာ ကစားသမားဘဝ တခုလုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာပြီး ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တာကို နောင်တမရမိဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်သစ်တွေ ၊ ကစားပုံအသစ်တွေ ၊ နည်းစနစ်အသစ်တွေနဲ့ အသားကျဖို့ အနည်းငယ် ရုန်းကန်နေရသလို မက်ဆီကို စွန့်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းကလည်း နှစ်ပေါင်း ၂၀အတွင်းမှာ အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ကစားထားရာ သွင်းဂိုး ၁ဂိုးသာ သွင်းယူထားနိုင်ပြီး ပြင်သစ်လီဂူးပြိုင်ပွဲမှာ သွင်းဂိုး ၁ဂိုးမှ မသွင်းယူနိုင်သေးတာကြောင့် ဝေဖန်မှု တချို့နဲ့ ရင်ဆိုင်နေရပေမယ့် မက်ဆီ ကတော့ ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့ရလို့ နောင်တမရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

Photo Credit: Standard

နိုင်ငံပွဲစဉ်တွေ ကစားဖို့ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနေတဲ့ လီယွန်နယ် မက်ဆီက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “ဘာစီလိုနာအသင်းကို စွန့်ခွာပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခု မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။