စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ ရွှေဘောလုံးဆုလို့ လူသိများတဲ့ Ballon D’or Award ကို ပေးအပ်ချီးမြှင့်တဲ့ နာမည်ကြီး ပြင်သစ် သတင်းဌာန တစ်ခုဖြစ်တဲ့ L’Equipe သတင်းဌာနက ရွေးချယ်ခဲ့တဲ့ ၂၀၂၀ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းကနေ ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။ သူ့ရဲ့ ကစားသမား ဘဝမှာ ရွှေဘောလုံးဆုကို ၆ကြိမ်တိုင်တိုင် ရရှိိခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးနဲ့ ယခုနှစ် ဘောလုံးရာသီ အစမှာ ထိုက်သင့်သလောက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ခြင်း မရှိတာကြောင့် L’Equipeရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းနဲ့ ဝေးကွာခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Sports Bible

မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းနဲ့ ဆုဖလား အောင်မြင်မှု မရရှိခဲ့ပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည် အနေနဲ့ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ စွမ်းဆောင်ရည်ဟာ မက်ဆီအနေနဲ့ ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းစာရင်းမှာ ပါဝင်နိုင်ဖို့ အတွက် လုံလောက်ခဲ့ခြင်း မရှိပဲ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ နေမာက သူ့ရဲ့ နေရာမှာ ရွေးချယ်ခံခဲ့ ရပါတယ်။ L’Equipe က ရွေးချယ်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ကမ္ဘာ့အကောင်းဆုံး အသင်းဟာ ၄-၃-၃ ကစားကွက်ကို အခြေခံထားတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ဂိုးသမား နေရာမှာတော့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဂိုးသမား နူအာက ရှိနေခဲ့ပါတယ်။ ခံစစ်ပိုင်းမှာတော့ လီဗာပူးအသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက်နဲ့ အာနိုးလ် ၊ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ရာမို့စ် ၊ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တက်သစ်စ လူငယ် ဘယ်နောက်ခံလူ ဒေးဗီးစ်တို့က ရွေးချယ်ခံခဲ့ ရပါတယ်။

Photo Credit: Sports Bible

ကွင်းလယ်ပိုင်း မှာတော့ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားတွေ ဖြစ်ခဲ့တဲ့ ကင်းမစ်ချ်နဲ့ အယ်ကန်တာရာတို့ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းနဲ့အတူ ရှိနေခဲ့ပါတယ်။ တိုက်စစ်ပိုင်း မှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရတဲ့ လီဝမ်ဒေါစကီး ၊ ပီအက်စ်ဂျီ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ပေးနိုင်ခဲ့တဲ့ နေမာ ၊ မက်ဆီရဲ့ အစဉ်အလာ ပြိုင်ဘက် ရိုနယ်ဒိုတို့က ရွေးချယ်ခံခဲ့ ရပါတယ်။ လက်ရှိမှာတော့ မက်ဆီ မပါဝင်ခဲ့ပေမယ့် L’Equipe ရဲ့ ၂၀၂၀ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး အသင်းကို ဘောလုံးလောကမှာ ရှိတဲ့ အများစုက လက်ခံကြပြီး ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေ ကတော့ မက်ဆီကို ကျော်ကာ ရိုနယ်ဒိုကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်နေကြပါတယ်။