စပိန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ၂၀၂၀- ၂၀၂၁ ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ ဘာစီလိုနာအသင်းမှာ ဆက်ရှိသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်း ၂၀ ကျော် ရှိနေခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရရရှိခဲ့သလို အဆိုပါ အောင်မြင်မှုတွေကြောင့်ပဲ တစ်ဦးချင်း ဆုတံဆိပ်များစွာလည်း ရရှိခဲ့သူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးပြီးချိန်မှာတော့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဘာစီလိုနာ ဘုတ်အဖွဲ့ဆီ စာရေးသား ပေးပို့ကာ တောင်းဆိုခဲ့ပြီး အဆိုပါ သတင်းဟာ စပိန်ဘောလုံးလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီဟာ စပိန် ဘောလုံးလောကရဲ့ ပြယုဂ် တစ်ခု ဖြစ်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့နဲ့ စပိန် ဘောလုံးအဖွဲ့ချုပ် တို့ဟာ မက်ဆီကို လာလီဂါပြိုင်ပွဲကနေ မထွက်သွားအောင် အစွမ်းကုန် ကြိုးစားခဲ့ပြီး ယမန်နေ့မှာတော့ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဟော်ဟဲ မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူတို့ဟာ မက်ဆီရဲ့ အနာဂတ် အတွက် အစည်းအဝေး တစ်ခု ကို ပြုလုပ်ခဲ့ကာ အဆိုပါ အစည်းအဝေး ပြီးဆုံးသွားချိန် မှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ နောက်ထပ် တစ်ရာသီ ဆက်နေဖို့ ရှိတယ် လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေး ပြီးဆုံးချိန်မှာတော့ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဟော်ဟဲ မက်ဆီက သူ့ရဲ့ သားဖြစ်သူဟာ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ ဖြစ်နိုင်ချေ ရှိကြောင်း ပြောကြားသွားခဲ့ပြီး အဆိုပါ သတင်းဟာ မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေ အတွက် ဝမ်းသာစရာပါပဲ။

Photo Credit: Marca

စပိန် နာမည်ကြီး သတင်းစာ တစ်ခု ဖြစ်တဲ့ Marca သတင်းစာရဲ့ ယနေ့မနက် ဖော်ပြချက် အရ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီ ဆက်နေဖို့ အတွက် သဘောတူခဲ့ပြီး သူ့ရဲ့ သဘောထားနဲ့ ပတ်သတ်ကာ ကြေညာမှု တစ်ခု ကို လာမယ့် နာရီပိုင်း အတွင်း ပြုလုပ်သွားဖွယ် ရှိကြောင်း သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီ ဆက်ရှိသွားမှာ ဖြစ်ပေမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ကုန်ဆုံးချိန် မှာတော့ ဘာစီလိုနာအသင်း ​ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမယ်လို့လည်း သိထားရပါတယ်။ မက်ဆီ တစ်ယောက် ဘာစီလိုနာအသင်းကနေ ထွက်ခွာပါက ပြောင်းရွှေ့မယ့် အသင်းအဖြစ် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကလပ် မန်စီးတီးအသင်းက ရေပန်းစားနေပြီး မန်စီးတီးအသင်းရဲ့ အနောက်မှာတော့ ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့က ရေပန်းစား နေကြပါတယ်။