ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် သွင်းဂိုး(၂)ဂိုး ရယူပေးခဲ့ပြီး အသင်းကို အဖိုးတန်နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် လာမယ့်ဘောလုံးရာသီမှာ သူရဲ့အသင်းဖော်ဟောင်းတစ်ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့အတူ ပြန်လည်တွဲဖက်ကစားရမယ်လို့ အခိုင်အမာ ပြောဆိုလာခဲ့ပြီး ဒီလိုပြောဆိုမှုကြောင့် ဥရောပဘောလုံးနယ်ပယ်တစ်ခုကို လှုပ်ခတ်သွားစေခဲ့ရပါတယ်။

Photo Credit : AS English

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားမက်ဆီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူရဲ့ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး အသင်းက သူ့ကိုစာချုပ်သက်တမ်းထပ်တိုးချင်နေပေမယ့်လည်း မက်ဆီကတော့ အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ စိတ်အားထက်သန်လို့ နေပါတယ်။ အသင်းနဲ့ လမ်းခွဲတော့မယ့် မက်ဆီကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ ပစ်မှတ်ထားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ မက်ဆီရဲ့အသင်းဖော်ဟောင်း နေမာပါဝင်ကစားနေတဲ့ ပီအက်စ်ဂျီလည်း ပါဝင်လျက်ရှိနေပါတယ်။

Photo Credit : Goal

ဒီလို ပီအက်စ်ဂျီအသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့အချိန်မှာ နေမာကိုယ်တိုင်က လာမယ့်ရာသီမှာ သူတို့နှစ်ယောက် ပြန်လည်လက်တွဲနိုင်လိမ့်မယ်ဆိုတာကို သေချာပေါက်ပြောဆိုသွားခဲ့တဲ့အတွက် မက်ဆီရဲ့အနာဂတ်လည်း အတော်လေးကို လှုပ်ခတ်သွားခဲ့သလို မက်ဆီကို လာမယ့်ရာသီအတွင်း ပီအက်စ်ဂျီအသင်းမှာ မြင်တွေ့ရတော့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် စပိန်သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာချက်အရ ပီအက်စ်ဂျီအသင်းဘက်ကနေ မက်ဆီရဲ့အပြောင်းအရွှ့ကို သေချာလုပ်ဆောင်လာပေးမှ နေမာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်ဖွယ် ရှိလာနိုင်တယ်လို့ သိရပါတယ်။ နေမာရဲ့ပြောစကားအပေါ် သုံးသပ်ကြည့်မယ်ဆိုရင်လည်း နေမာအနေနဲ့ မက်ဆီနဲ့ ပြန်လည်တွဲဖက်ကစားလိုကြောင်း အသင်းဆီ မက်ဆီကို အရခေါ်ယူပေးဖို့ လိုအပ်ကြောင်းကို ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေဆီ တင်ပြထားလောက်ပြီလို့ ယူဆနိုင်ပါတယ်။ ဒီတင်ပြချက်အပေါ်မှာလည်း ပီအက်စ်ဂျီဘက်ကနေ လက်ခံသွားပြီး မက်ဆီကို ခေါ်ယူပေးဖို့ကို သဘောတူထားပုံလည်း ရထားနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့အတွက် မန်စီးတီး ချယ်လ်ဆီး ပီအက်စ်ဂျီအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး (၃)သင်းလုံးကလည်း ငွေကြေးအင်အား တောင့်တင်းလှတဲ့ အသင်းတွေဖြစ်လို့ မက်ဆီရဲ့ခိုနားရာက ဘယ်အသင်းများ ဖြစ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။