ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၇-၂ မက္ကာဘီ ဟိုင်ဖာ ပွဲစဉ်မှာ ၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးနိုင်ခဲ့ပြီးနောက် ဒီရာသီ ဥရောပမြေရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နေကြောင်း အချက်အလက် မှတ်တမ်းတွေ အရ သိရပါတယ်။

ပီအက်စ်ဂျီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အစ္စရေးကလပ် မက္ကာဘီ ဟိုင်ဖာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ သက်တောင့်သက်သာ အနိုင်ရခဲ့ပြီး ဒီရာသီမှာ ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ ပွဲတပွဲလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit: Euro Sports

ပီအက်စ်ဂျီ ၇-၂ မက္ကာဘီ ဟိုင်ဖာ ပွဲစဉ်မှာ ပီအက်စ်ဂျီ အတွက် သွင်းဂိုးတွေကို မက်ဆီက ၂ဂိုး ၊ အမ်ဘာပေက ၂ဂိုး ၊ နေမာက ၁ဂိုး ၊ ဆိုလာက ၁ဂိုးနဲ့ မက္ကာဘီခံစစ်မှူး ဂိုးဘက်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကနေ အသီးသီး ရရှိခဲ့တာ ဖြစ်ပြီး မက္ကာဘီ အတွက် သိက္ခာဆယ် ချေပဂိုးတွေကိုတော့ ညာနောက်ခံလူ ဆက်စ် တဦးထဲကသာ သွင်းယူပေးခဲ့တာပါ။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူထားနိုင်သလို ၁၂ဂိုး ဖန်တီးပေးထားကာ နိုင်ငံအသင်း ဖြစ်တဲ့ အာဂျင်တီးနား အတွက် ၂ပွဲ ပါဝင် ကစားပေးခဲ့ရာမှာတော့ ၄ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ မက်ဆီရဲ့ ဒီရာသီ ဂိုးပါဝင်ပတ်သတ်မှုဟာ စုစုပေါင်း ၁၈ပွဲမှာ ၂၇ဂိုး အထိ ရှိနေပြီး ဒီပမာဏဟာ ဥရောပမြေမှာ ရှိနေတဲ့ ဘယ်ကစားသမားကိုမဆို အသာရနေတဲ့ ပမာဏပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် မက်ဆီကို လက်ရှိ ဥရောပမြေရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်လို့ ရနေပြီး မက်ဆီကသာ ဒီခြေစွမ်းကို ဆက်ထိန်းထားနိုင်ရင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုဟာ မက်ဆီအတွက် ဖြစ်လာနိုင်ပါတယ်။