စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (သို့) ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဝါရင့် တိုက်စစ်မှူးကြီး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (ဝါ) ရွှေဘောလုံးဆုကို ၆ကြိမ်တိုင်တိုင် ရထားတဲ့ ကစားသမား တဦး ဖြစ်သလို ယမန်နေ့မှာလည်း အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ အတူ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး အကြိမ် နိုင်ငံတကာ ဆုဖလား အဖြစ် ကိုပါအမေရိကဖလားကို အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ မက်ဆီဟာ သူ့ရဲ့ မိခင်ကလပ် ဘာစီလိုနာအသင်းနဲ့ အတူ ကိုပါဒယ်ရေးဖလား တလုံးထဲသာ ရရှိခဲ့ပေမယ့် သူ့ရဲ့ တဦးချင်း စွမ်းဆောင်ရည်ဟာ အလွန် ကောင်းမွန်သလို အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလား ရရှိအောင် အဓိက ကူညီပေးနိုင်ခဲ့တာကြောင့် မက်ဆီအနေနဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်နေတာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွင်းမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၃၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ကာ လာလီဂါပြိုင်ပွဲရဲ့ သွင်းဂိုး အများဆုံး ကစားသမားဆုနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။

Photo Credit: Standard

ယမန်နေ့က ယှဉ်ပြိုင် ပြီးစီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း မက်ဆီဟာ အာဂျင်တီးနားအသင်း အတွက် ၇ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ကိုလံဘီယာအသင်းရဲ့ တောင်ပံ ကစားသမား ဒီယက်ဇ်နဲ့ ပူးတွဲ ရပ်တည်နိုင်သလို ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရခဲ့ပါတယ်။
ဒါကြောင့်ပဲ မက်ဆီဟာ ရွှေဘောလုံးဆု ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲမှာ ရေပန်းအစားဆုံး ကစားသမား ဖြစ်နေပြီး သူ့ရဲ့နောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကန်တီ ၊ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတို့က အစဉ်လိုက် ရေပန်းအစားဆုံး ကစားသမားတွေ ဖြစ်နေကြပါတယ်။