လက်ရှိ စပိန်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၂၀၀၄ ခုနှစ်တုန်းက အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးကြောင်း အီတလီ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ ဒီမာဇီယို က ပြောပြ သွားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ အသက် ၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ၂၀၀၄ ခုနှစ်တုန်းက အသက် ၁ရနှစ် အရွယ်သာ ရှိသေးပြီး အဆိုပါ အချိန်တုန်းက လက်ရှိ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို ဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒီမာဇီယိုရဲ့ အဆိုအရ မက်ဆီဟာ အဆိုပါ အချိန်တုန်းက ဘာစီလိုနာအသင်းကို စွန့်ခွာကာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားလိုခဲ့ပြီး မော်ရင်ဟိုနဲ့ Video Callတွေတောင် ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ ဘာစီလိုနာ အသင်းကနေ ထွက်ခွာခဲ့ခြင်း မရှိသလို မော်ရင်ဟိုနဲ့လည်း လက်တွဲခွင့် မရခဲ့ပါဘူး။ ဒီမာဇီယို ကတော့ ဘာ့ကြောင့် မက်ဆီအနေနဲ့ ချယ်လ်ဆီးအသင်းထံ မပြောင်းရွှေ့ခဲ့တာလည်း ဆိုတာက သူ့အတွက် ယခုအချိန်အထိ နားလည်ရခက်တဲ့ အကြောင်းအရာ တစ်ခုအဖြစ် ရှိနေဆဲပဲ လို့ ဝန်ခံ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ ပုံပြင်နဲ့ ပတ်သတ်ပြီး ဒီမာဇီယိုက “ ကျွန်တော့်အတွက် အခုချိန်အထိ နားလည်ရခက်တဲ့ အရာတစ်ခု ကတော့ ဘာ့ကြောင့် မက်ဆီအနေနဲ့ ချယ်လ်ဆီးအသင်းဆီ မပြောင်းရွှေ့ခဲ့သလဲ ဆိုတဲ့ အရာပါပဲ။ ၂၀၀၄ ခုနှစ်တုန်းက မက်ဆီဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူက မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားချင်လို့ပဲ ဖြစ်ပါတယ်။ မက်ဆီနဲ့ မော်ရင်ဟိုက Video Call တစ်ခုကို အကြာကြီး ပြောခဲ့ကြပါတယ်။ အတော်လည်း အခြေအနေ ကောင်းတယ်လို့ ကျွန်တော် သိခဲ့ရပါတယ်။ အဲ့ဒီအချိန်က မက်ဆီအနေနဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ ပထမဦးဆုံး စဉ်းစားတဲ့ အချိန်လည်း ဖြစ်ပါတယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။