အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးလို့ ဆိုရမယ့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ သူဟာ ချန်ပီယံလိဂ်ဖလားကို နောက်ထပ် တစ်ကြိမ် ထပ်မံ ရယူလိုပေမယ့် လက်ရှိ ဘာစီလိုနာအသင်းရဲ့ ကစားပုံဟာ ချန်ပီယံလိဂ် ဖလားကို အရယူနိုင်လောက်တဲ့ အထိ အားရစရာ မကောင်းဘူးလို့ ဝန်ခံပြောဆိုသွားပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို ရောက်ရှိနေသလို ပထမအကျော့ ပွဲစဉ်မှာ နာပိုလီအသင်းကို အဝေးကွင်းမှာ တစ်ဂိုးစီသရေ ရလဒ် ရရှိထားတာကြောင့် ဒုတိယအကျော့ပွဲစဉ်အတွက် အားသာချက်တွေ ရှိနေပေမယ့် မက်ဆီကတော့ သူတို့အသင်းရဲ့ ကစားပုံကို စိုးရိမ်နေပါတယ်။

Photo Credit: Mirror.com

လက်ရှိအချိန်မှာတော့ စပိန်လာလီဂါရော ၊ အီတလီ စီးရီးအေကပါ ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံးပွဲတွေကို ခေတ္တ ရပ်နားထားသလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း နားထားတာကြောင့် ဘာစီလိုနာအသင်းနဲ့ နာပိုလီ အသင်းတို့ရဲ့ ပွဲစဉ်ဟာ ဩဂုတ်လ ဝန်းကျင်မှသာ ပြန်လည် ကစားရဖွယ် ရှိနေပါတယ်။ Sport သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ သတင်းထောက်ဖြစ်သူဟာ မက်ဆီကို ဩဂုတ်လအတွင်းမှာ ပြန်လည် ကျင်းပမယ့် ချန်ပီယံလိဂ်ဖလားကို အရယူနိုင်မလားလို့ မေးမြန်းခဲ့ရာမှာတော့ မက်ဆီက သူတို့အသင်းဟာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ အရည်အသွေးတွေ ရှိနေပေမယ့် လက်ရှိကစားပုံနဲ့ ဆိုရင်တော့ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်မှာ မဟုတ်ဘူး လို့ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror.com

ချန်ပီယံလိဂ်ဖလားကို အရယူနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး မက်ဆီက ” ကျွန်တော့် အသင်းရဲ့ ကစားသမားအင်အားပိုင်းကို တစ်ခါမှ သံသယမဝင်မိပါဘူး။ ကျွန်တော်တို့ဟာ ကျန်တဲ့ ဆုဖလားတွေ အားလုံးကို ရယူနိုင်မယ် လို့လည်း ယုံကြည်ထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကစားနေတဲ့ ကစားပုံနဲ့သာဆိုရင် ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ မလွယ်ပါဘူး။ လူတိုင်းမှာ သူ့အမြင်နဲ့သူ ရှိပြီးတော့ သူတို့ရဲ့ အမြင်တွေကို လေးစားရမှာပါ။ ကျွန်တော့်ရဲ့ အမြင်မှာတော့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကို နှစ်တိုင်း ကစားရတာဟာ ကံကောင်းတာလို့ ပြောရပေမယ့် လက်ရှိ ကစားပုံဟာ ဖလားရဖို့ မလွယ်တဲ့ ကစားပုံပါ။ နည်းပြ ဆီတီယန်ဟာ နားလည်မှုလွဲနေတာ ဖြစ်နိုင်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။