ယနေ့မနက် အစောပိုင်းမှာတော့ စပိန်နိုင်ငံရဲ့ ဘောလုံးလောကကို သာမက ကမ္ဘာ့ဘောလုံး လောက တစ်ခုလုံးကိုပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေမယ့် သတင်းတစ်ပုဒ် ထွက်ပေါ် လာခဲ့ပါတယ်။ အဆိုပါ သတင်းကတော့ ဘာစီလိုနာအသင်း တစ်သင်းထဲမှာသာ စွဲစွဲမြဲမြဲ​ ကစားခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ အသင်းရဲ့ ဘုတ်အဖွဲ့ဆီ အသင်းကနေ ထွက်ခွာချင်ပြီ ဖြစ်ကြောင်း တရားဝင် တောင်းဆိုခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဆိုပါ သတင်းဟာ ဘာစီလိုနာအသင်း ကို အတော်လေး ရိုက်ခတ်သွားခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ချက်ချင်းဆိုသလို အရေးပေါ် အစည်းအဝေး တစ်ခုကို ပြုလုပ်ခဲ့ကြကာ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေဟာလည်း ဘာစီလိုနာအသင်းရဲ့ ရုံးချုပ်ရှေ့ကို ရောက်လာကြပြီး အသင်းကို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Goal

အသက်၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းကြောင်းမှာ သာမက ကမ္ဘာ့ဘောလုံး သမိုင်းမှာပါ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ် သွားလိမ့်မယ်လို့ အားလုံးက ထင်မှတ် ထားခဲ့ကြပါတယ်။ ဒါပေမယ့် မက်ဆီ ကတော့ ဘာစီလိုနာအသင်းရဲ့ အနာဂတ် စီမံကိန်းတွေကို ယုံကြည်မှု မရှိတော့ပဲ အသင်း ​ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ တောင်းဆိုခဲ့တာပါ။ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှသာ ပြီးဆုံးမှာ ဖြစ်ပေမယ့် မက်ဆီကတော့ ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ကုန်ဆုံးသွားတဲ့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တဲ့ အခွင့်အရေးကို ရယူလိုနေပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ကတော့ မက်ဆီရဲ့ တောင်းဆိုမှုကို လိုက်လျောဖွယ် မရှိဘူးလို့ သိရပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဟောင်း တစ်ဦးဖြစ်သူ ဂတ်စ်ပတ် ဟာ မက်ဆီရဲ့ သတင်းတွေ အပေါ် သူ့ရဲ့ ထင်မြင်ချက်ကို ဖွင့်ဟ ပြောပြလာခဲ့ပြီး မက်ဆီဟာ ဘာစီလိုနာအသင်း ကနေ စာချုပ်မကုန်မချင်း ထွက်သွားလို့ မရဘူး လို့ သတိပေးစကား ပြောသွားခဲ့ပါတယ်။ ဂတ်စ်ပတ်က ” မက်ဆီဟာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာသွားလို့ မရပါဘူး။ သူဟာ ၂၀၂၁ ခုနှစ် ရောက်မှသာ ထွက်ခွာခွင့် ရှိမှာပါ။ ကျွန်တော်က မက်ဆီရဲ့ စာချုပ်ကို တွေ့မြင်ပြီးပါပြီ။ ဒီတော့ စာချုပ်ပါ အချက်အလက်တွေက အရမ်းကို ရှင်းလင်းတယ်ဆိုတာ သိထားပါတယ်။ မက်ဆီအနေနဲ့ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရှိတဲ့ အချက်ဟာ ဇွန်လမှာကတည်းက သက်တမ်း ကုန်သွားပါပြီ ”

Photo Credit: Goal

” ကျွန်တော်ကတော့ အခုချိန်မှာ ယူရို၇၀၀သန်း ထက် နည်းတဲ့ ပမာဏတစ်ခုနဲ့ သူ ထွက်သွားမှာ ထက် လာမယ့် ရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးတာကိုပဲ အလိုရှိပါတယ်။ ဒီကိစ္စမှာ အရေးအကြီးဆုံးက အသင်းပါပဲ။ ကစားသမား မဟုတ်ပါဘူး။ အသင်းဟာ ကစားသမားတွေကို လစာပေးထားတာပါ။ ပြီးတော့ ဒီကိစ္စဟာ ငွေကြေးနဲ့ မပတ်သတ်ပါဘူး။ ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ပဲ ပတ်သတ်ပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။