အမေရိကန် မေဂျာလိဂ် နာမည်ကြီးကလပ် အင်တာ မိုင်ယာမီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ကစားသမားလည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီက ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ကွင်းလယ်လူ မိုဒရစ်ကို အင်တာ မိုင်ယာမီမှာ လာကစားဖို့ ဖိတ်ခေါ်ထားကြောင်း ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း မီယာတိုဗစ်က ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဇူလိုင်လ ၁၅ရက်နေ့မှာ အင်တာ မိုင်ယာမီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကာ ကစားနေသူ ဖြစ်ပြီး မက်ဆီက မိုင်ယာမီ အတွက် ၃လ ဝန်းကျင်သာ ကစားပေးရသေးပေမယ့် အသင်းအတွက် ဆုဖလား ၁လုံးကို ရယူပေးထားနိုင်ပါတယ်။

Photo Credit: Standard

မက်ဆီက အင်တာ မိုင်ယာမီ အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အင်တာ မိုင်ယာမီက မက်ဆီအပြင် ဘူးစကွက် ၊ ဂျော်ဒီ အယ်လ်ဘာတို့လို ဘာစီလိုနာကြယ်ပွင့်ဟောင်းတွေကိုပါ ပိုင်ဆိုင်ထားပါတယ်။

အင်တာ မိုင်ယာမီက မက်ဆီ ၊ ဘူးစကွက် ၊ အယ်လ်ဘာတို့ကို ပိုင်ဆိုင်ထားပေမယ့် သူတို့အသင်းရဲ့ ကစားသမားအင်အားနဲ့ ကျော်ကြားမှုကို အားမရသေးတာကြောင့် နောက်ထပ် ကြယ်ပွင့် ကစားသမားတွေကို ဆက်လက် ခေါ်ယူဖို့ စီစဉ်ထားပြီး အင်တာ မိုင်ယာမီရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ကွင်းလယ်လူ မိုဒရစ်ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ခရိုအေးရှား အသင်းခေါင်းဆောင် လူကာ မိုဒရစ်က မက်ဆီနဲ့ ရိုနယ်ဒိုတို့ ကြီးစိုးထားတဲ့ ရွှေဘောလုံးပြိုင်ပွဲမှာ နှစ်ဦးစလုံးကို ကျော်ဖြတ်ကာ ရွှေဘောလုံးဆုကို အရယူနိုင်ခဲ့တဲ့ ကွင်းလယ် ပါရမီရှင် ဖြစ်ပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဟောင်းလည်းဖြစ် ၊ မိုဒရစ်နဲ့ အဆက်အသွယ်လည်း ရှိတဲ့ မီယာတိုဗစ်က အင်တာ မိုင်ယာမီဟာ မိုဒရစ်ကို ခေါ်ယူဖို့ ကြိုးစားနေသလို မက်ဆီကလည်း မိုဒရစ်ကို မိုင်ယာမီဆီ ပြောင်းလာဖို့ တိုက်တွန်းနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ မီယာတိုဗစ်က – “မိုဒရစ်ဟာ အင်တာ မိုင်ယာမီရဲ့ ကမ်းလှမ်းချက် တခုကို ရထားပါတယ်။ ပြီးတော့ မက်ဆီကလည်း သူတို့အသင်းဆီ ပြောင်းလာဖို့ မိုဒရစ်ကို စည်းရုံးနေတယ်ဗျ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။