မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား စကော့မတ်တွမ်မီနေးက ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ထိပ်တိုက်တွေ့ဆုံခဲ့စဉ်မှာ သူက မက်ဆီရဲ့နှာခေါင်းမှာ သွေးတွေထွက်လာခဲ့တဲ့အထိ တံတောင်နဲ့ တိုက်ခဲ့တဲ့သူဆိုပြီး အထင်အမြင် လွဲမှားနေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်က ဘာစီလိုနာအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ရင်ဆိုင်တွေ့ဆုံခဲ့ကြရင်း အိုးထရက်ဖိုဒ့်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ ယူနိုက်တက်အသင်းဘက်ကနေ ပါဝင်လာခဲ့တဲ့ နောက်ခံလူ ခရစ္စစမောလင်းက မက်ဆီနဲ့အတူ ဘောလုံးယှဉ်လုရင်း တံတောင်နဲ့တိုက်မိခဲ့တာကြောင့် မက်ဆီမှာ သွေးထွက်သံယို ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီက ဒီဖြစ်ရပ်မှာ သူ့ကို တံတောင်နဲ့ တိုက်သွားခဲ့သူက တွမ်မီနေးလို့ အမှတ်မှားသွားခဲ့ပြီး ပြစ်တင်မှုတွေပါ ရှိခဲ့တယ်လို့ တွမ်မီနေးက ပြန်လည်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

တွမ်မီနေးဟာ ESPN ရုပ်သံနဲ့ တွေ့ဆုံစဉ် အစီအစဉ်တင်ဆက်သူက တွမ်မီနေးကို မက်ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတစ်ယောက်လို့ ထင်ပါသလားလို့ မေးမြန်းလာခဲ့ရာ “၁၀၀% အပြည့်ကို ထင်ပါတယ်။ မက်ဆီပါပဲ။ ကျွန်တော်က သူ့ဝတ်စုံကိုတောင် ရထားတာလေ။ ကျွန်တော်တို့တွေ ၂၀၁၉ခုနှစ်တုန်းကလည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ ခရစ္စစမောလင်းက သူ့ကို တံတောင်နဲ့တိုက်မိလို့ သူ့နှာခေါင်းမှာတောင် သွေးတွေထွက်ခဲ့ရတယ်။ ဒါပေမယ့် သူက ကျွန်တော်လုပ်ခဲ့တာလို့ ထင်နေခဲ့တာ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရိုမဲရိုးကို မက်ဆီရဲ့ဝတ်စုံများ ရနိုင်မလားလို့ မေးလိုက်တော့ သူက ဟာ မက်ဆီက မင်းသူ့ကို တံတောင်နဲ့ တိုက်ခဲ့တဲ့သူ့လို ထင်နေတာလေလို့ ပြန်ပြောပြဖူးတယ်။ ကျွန်တော်ကလည်း ဟာ ငါမဟုတ်ဘူးလို့ ပြန်ဖြေရှင်းခဲ့ရတာပေါ့။ အခုတော့ သူလည်း သိသွားလောက်ပါပြီ။ မက်ဆီရဲ့ဝတ်စုံကိုလည်း ကျွန်တော့်အိပ်ခန်းမှာ ချိတ်ထားတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မက်ဆီရဲ့ ဘာစီလိုနာအသင်းဟာ တွမ်မီနေးရဲ့ ယူနိုက်တက်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၄)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပါတယ်။