ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ မစတင်မီမှာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ရေပန်းစားမှု အနည်းငယ် လျော့ကျခဲ့ကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကလပ်အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင်ကစားခဲ့ရာ သွင်းဂိုး ၃၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို အာဂျင်တီးနားအသင်းနဲ့လည်း ကိုပါအမေရိကဖလားကို အရယူနိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်နေပါတယ်။

Photo Credit: Goal

မက်ဆီဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ကြောင်း ဘာစီလိုနာအသင်းနဲ့ အတူ သက်သေပြထားသလို ရွှေဘောလုံးဆုကို ၆ကြိမ်တိုင် ရရှိထားပြီး ယခုတကြိမ်သာ ထပ်မံ ရရှိခဲ့ပါက ရွှေဘောလုံးဆု ၇ကြိမ်နဲ့အတူ သမိုင်းတလျှောက် ရွှေဘောလုံးဆု အများဆုံး ရထားတဲ့ ကစားသမား အဖြစ် ပြတ်ပြတ်သားသား ရပ်တည်နိုင်မှာပါ။

ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းသစ် ပီအက်စ်ဂျီအသင်းမှာ အထိုင်ကျဖို့ အနည်းငယ် ရုန်းကန်နေရပြီး ပီအက်စ်ဂျီအသင်း အတွက် ၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဂိုးဖန်တီးမှုတွေလည်း မပြုလုပ်နိုင်သေးပါဘူး။

Photo Credit: Goal

ဒါကြောင့်ပဲ မက်ဆီရဲ့ ရွှေဘောလုံးဆု အတွက် ရေပန်းစားနေမှုဟာ အနည်းငယ် လျော့ကျလာခဲ့ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေမှုဟာ မြင့်တက်လာခဲ့ကြောင်း နာမည်ကျော် Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကလပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၄၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းထားနိုင်ပါတယ်။ ဒါကြောင့်လည်း လီဝမ်ဒေါစကီးဟာ မက်ဆီပြီးနောက် ရွှေဘောလုံးဆုကို ရရှိဖို့ အတွက် ဒုတိယမြောက် ရေပန်းအစားဆုံး ကစားသမား ဖြစ်နေတာပါ။

Photo Credit: Goal

ချယ်လ်ဆီးအသင်းနဲ့ အီတလီအသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်ခဲ့သလို ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့တာကြောင့် ရွှေဘောလုံးဆုကို ရရှိဖို့ တတိယမြောက် ရေပန်းအစားဆုံး ကစားသမား ဖြစ်နေပါတယ်။