မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်ဆိုစီဒက်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်မှာ ဆိုစီဒက်အသင်းကို မက်ဆီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိအောင် ခက်ခက်ခဲခဲ ကစားသွားရပါတယ်။ ဘာစီလိုနာအသင်းဟာ အဆိုပါ ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် လာလီဂါပြိုင်ပွဲရဲ့ အဆင့်တစ်နေရာကို ယာယီ တက်လှမ်းနိုင်ခဲ့ပြီး ဘက်တစ်နဲ့ကစားရမယ့် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကသာ အနိုင်ရလဒ်ကို မရခဲ့ပါက အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာကို သိမ်းပိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အဆိုပါနိုင်ပွဲမှာ ဘာစီလိုနာအသင်းအတွက် အခရာကျခဲ့သူကတော့ ထုံးစံအတိုင်းပဲ အသင်းရဲ့ အဓိက ကစားသမား မက်ဆီပဲဖြစ်ပြီး မက်ဆီဟာ ပွဲကစားချိန် ၈၁မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အပိုင်ကန်သွင်းကာ အသင်းအတွက် ရမှတ် သုံးမှတ် ရယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကြောင့် မက်ဆီက လက်ရှိ ဥရောပထိပ်သီးလိဂ် ငါးခုမှာ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို သူ့ရဲ့ ဂန္တဝင်ပြိုင်ဘက် စီရိုနယ်ဒိုအား ကျော်ဖြတ်ကာ ရယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ သွင်းဂိုးပေါင်း ၄၃၈ဂိုးကို သွင်းယူပြီး အဆိုပါ စံချိန်ကို ရခဲ့တာဖြစ်ကာ ရိုနယ်ဒိုကတော့ ၄၃၇ဂိုး သွင်းယူထားနိုင်သူပါ။

Photo Credit: Metro.com

ဒါ့အပြင် မက်ဆီဟာ ဆိုစီဒက်နဲ့ပွဲမှာ ဆိုးရွားတဲ့ စံချိန်တစ်ခုကိုလည်း ရရှိခဲ့သေးတယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ ဆိုစီဒက်နဲ့ပွဲရဲ့ ပွဲကစားချိန် ၄၂မိနစ်မှာ အဝါကတ်ပြားပြသခံခဲ့ရပြီး အဆိုပါအဝါကတ်ပြားကြောင့် မက်ဆီဟာ ကစားသမားဘဝမှာ ပထမဦးဆုံးအကြိမ် သုံးပွဲဆက် အဝါကတ်ထိခဲ့တဲ့ မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပါတယ်။ မက်ဆီဟာ နာပိုလီနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၊ ရီးရဲလ်နဲ့ကစားခဲ့တဲ့ အယ်ကလပ်စီကိုပွဲစဉ်နဲ့ ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွေမှာ အဝါကတ်တွေ အသီးသီး ထိခဲ့တာပဲ ဖြစ်ပါတယ်။ မက်ဆီဟာ ယခုနှစ် လာလီဂါရာသီမှာ ဘာစီလိုနာအသင်းအတ​ွက် ၂၂ပွဲ ပါဝင်ကစားပေးထားပြီး ၁၉ဂိုးသွင်းယူထားကာ ၁၂ဂိုးဖန်တီးပေးထားနိုင်သူပါ။