ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးဆိုတာကို ပရိသတ်တေ​ွ အားလုံးလည်း သိရှိကြမှာပါ။ ရွှေဘောလုံးဆုကို ခြောက်ကြိမ်အထိ ရရှိထားခဲ့တဲ့ မက်ဆီဟာ လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ အနာဂတ် မရေမရာ ဖြစ်လာပြီး ပြီးခဲ့တဲ့အပတ်မှာ ယခုနှစ် လာလီဂါပြိုင်ပွဲကို ဗိုလ်စွဲဖို့အတွက် အရေးကြီးတဲ့ အယ်ကလပ်စီကိုပွဲမှာ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရအပြီး အသင်းရဲ့လက်ထောက်နည်းပြ တစ်ဦး ဖြစ်တဲ့ ဆာရာဘီယာနဲ့ စကားများခဲ့တယ်လို့ ကတ်တလန်တာ အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

 

Photo Credit: Marca.com

ရီးရဲလ်မက်ဒရစ်အသင်းကို ဘာနေဗျူးကွင်းထဲမှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မက်ဆီဟာ အသင်းနည်းပြ ဆီတီယန်ရဲ့ နည်းစနစ်တွေအပေါ် မေးခွန်းထုတ်ခဲ့ကြောင်းနဲ့ အဆိုပါကိစ္စရပ်နဲ့ ပတ်သတ်ကာ အသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ ဆာရာဘီယာနဲ့ စကားများခဲ့တာ ဖြစ်တယ်လို့ နီးစပ်သူတွေရဲ့ အဆိုအရ သိရှိရပါတယ်။ တချို့သော သတင်းရင်းမြစ်တွေကတော့ မက်ဆီဟာ ဆာရာဘီယာရဲ့ အယ်ကလပ်စီကိုပွဲက အပြုအမူတွေနဲ့ ပတ်သတ်ပြီး သဘောမကျတာကြောင့် ပွဲအပြီးမှာ အပြန်အလှန်စကားများခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Marca.com

အသက်၃၂နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မက်ဆီ ဟာ လက်ရှိလာလီဂါဘောလုံးရာသီမှာ ၂၁ပွဲ ပါဝင်ကစားထားရာ ၁၈ဂိုးသွင်းယူထားပြီး ၁၂ဂိုး ဖန်တီးပေးထားနိုင်သူဖြစ်ကာ လာလီဂါရဲ့ အကောင်းဆုံး ကစားသမားဖြစ်နေဆဲဆိုတာကို သက်သေပြထားနိုင်ပါတယ်။ စပိန်ဘောလုံးလောကရဲ့ နာမည်ကြီးဘောလုံးကျွမ်းကျင်သူတွေကတော့ မက်ဆီဟာ ဘာစီလိုနာရဲ့ လက်ရှိ နည်းပြဖြစ်သူ ဆီတီယန်ကို သဘောမကျဖြစ်နေတယ်လို့ သုံးသပ်ထားကြပြီး မက်ဆီအနေနဲ့ မန်စီးတီးအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဆရာဟောင်း ဂွာဒီယိုလာကို ဘာစီလိုနာထံ ပြန်ခေါ်ဖို့ အသင်းထံ တိုက်တွန်းဖွယ်ရှိတယ် လို့ သုံးသပ်ပြောဆိုနေကြပါတယ်။