စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီ ကတော့ ယနေ့မနက် အစောပိုင်း မှာ ကစားသွားတဲ့ အာဂျင်တီးနား အသင်းက ပီရူးအသင်းကို အဝေးကွင်းမှာ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပါဝင် ကစားပြီးတဲ့ နောက်မှာတော့ အာဂျင်တီးနား အသင်းနဲ့အတူ ဂုဏ်ယူစရာ ကောင်းတဲ့ စံချိန်တစ်ခုကို ရရှိခဲ့ကြောင်း သိရှိ ရပါတယ်။ အဆိုပါ စံချိန်မှတ်တမ်း ကတော့ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့အတူ နိုင်ပွဲ အများဆုံး ရရှိတဲ့ ကစားသမား ဆိုတဲ့ စံချိန် မှတ်တမ်းပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

လက်ရှိမှာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ မိခင်နိုင်ငံ ဖြစ်တဲ့ အာဂျင်တီးနား အသင်းအတွက် ဆုဖလားရအောင် မစွမ်းဆောင် ပေးနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာခဏ ဆိုသလို အာဂျင်တီးနား သတင်းဌာနတွေရဲ့ ဝေဖန်မှုကို ခံနေရတဲ့ အချိန်မှာ ယခု စံချိန်မှတ်တမ်း ဟာ မက်ဆီအတွက် ချေပစရာ အရာတစ်ခု ဖြစ်လာတော့မှာပါ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ကစားခဲ့ရတဲ့ ပီရူးအသင်းနဲ့ ပွဲစဉ်မှာ အာဂျင်တီးနား အသင်းဟာ အဝေးကွင်းမှာ အရေးပါတဲ့ နိုင်ပွဲတစ်ပွဲကို ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ အာဂျင်တီးနား အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးတွေကို ပွဲကစားချိန် ၁၇မိနစ်မှာ ဂွန်ဇာလက်စ် နဲ့ ပွဲကစားချိန် ၂၈မိနစ်မှာ မာတီနက်စ်တို့က သွင်းယူ ပေးခဲ့ကြတာပါ။

Photo Credit: Mirror

အဆိုပါနိုင်ပွဲဟာ မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ဘဝမှာ ၈၅ပွဲမြောက်နိုင်ပွဲ ဖြစ်ပြီး မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ နိုင်ပွဲ အများဆုံး ရရှိထားတဲ့ ကစားသမား စာရင်းမှာ အသင်းဖော်ဟောင်း မာရှေယာနို (၈၄ပွဲ)နဲ့ ပူးတွဲ ရပ်တည်နေရာ ကနေ ပီရူးအသင်းကို အနိုင် ရရှိခဲ့တဲ့ နိုင်ပွဲကြောင့် တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနား အသင်း အတွက် ၁၄၂ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၈၅ပွဲအထိ ရရှိခဲ့သူ ဖြစ်ပြီး အဆိုပါ ၁၄၂ပွဲမှာ သွင်းဂိုး ၇၁ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်း တစ်လျှောက် နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမား စာရင်းရဲ့ နံပါတ် ၁၁နေရာမှာ ရပ်တည်နေနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။