ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို နှစ်ဦးပေါင်း ၁၁ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ အာဂျင်တီးနားနဲ့ ဘာစီလိုနာကြယ်ပွင့် လီယွန်နယ် မက်ဆီ တို့ဟာ ကျွန်တော်တို့ချစ်တဲ့ ဘောလုံးလောက အတွက်တော့ ပြယုဂ်ကစားသမား နှစ်ဦးပါပဲ။ နှစ်ဦးစလုံးဟာ ပင်ကိုယ်ခြေစွမ်းရော ပါရမီမှာပါ တခြားကစားသမားတွေထက် သာလွန်နေတဲ့ ဒီနှစ်ဦးဟာ ဘောလုံးကွင်းတွေရဲ့ ပြင်ပမှာ များစွာသော လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့သလို လက်ရှိမှာလည်း ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်နဲ့ပတ်သတ်ပြီး နှစ်ဦးစလုံးဟာ ပေါင်တစ်သန်းဝန်းကျင် ပမာဏရှိတဲ့ လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့တယ် လို့ သတင်းဖော်ပြချက်တွေအရ သိရှိရပါတယ်။

Photo Credit: Standard.com

အသက်၃၅နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူး စီရိုနယ်ဒိုဟာ လက်ရှိမှာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ပေါ်တူဂီနိုင်ငံမှာ ရောက်ရှိ နေပြီး သူ့ရဲ့ဟိုတယ်တွေကို ကိုရိုနာဗိုင်းရပ် ကုသမှုတွေ လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အခမဲ့ဖွင့်ပေးထားသလို သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်နဲ့ ပူးပေါင်းကာ ပေါင် ၁သန်းဝန်းကျင် တန်ဖိုးရှိတဲ့ လှူဒါန်းမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ရိုနယ်ဒိုနဲ့ မန်ဒက်တို့ဟာ ကိုရိုနာရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေကို ကုသရာမှာ လိုအပ်တဲ့ ICU အခန်းတွင်းသုံး စပါယ်ရှယ်ပစ္စည်းသုံးစုံကို လှူဒါန်းခဲ့တာ ဖြစ်ပြီး အဆိုပါ ပစ္စည်းသုံးစုံရဲ့ တန်ကြေးဟာ ပေါင်၁သန်းနီးပါး ရှိတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

အာဂျင်တီးနားမှာမွေးပြီး ဘာစီလိုနာမြို့မှာ ကြီးပြင်းလာခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကလည်း ကိုရိုနာဗိုင်းရပ် ကူးစက်မှု မြင့်မားလာတဲ့ စပိန်နိုင်ငံရဲ့ အခြေအနေကြောင့် ဘာစီလိုနာမြို့မှာရှိတဲ့ ဆေးရုံကို ငွေသားသီးသန့် လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာမြို့မှာ ရှိတဲ့ ဆေးရုံကို လိုအပ်တာတွေ ဝယ်ယူနိုင်စေရန်အတွက် ပေါင်၁သန်း လှူဒါန်းခဲ့တာလို့ စပိန်အခြေစိုက် သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ ကဲ ကျွန်တော်တို့ရဲ့ ဘောလုံးသူရဲကောင်းတွေ ဖြစ်ကြတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ လုပ်ရပ်အတွက် သာဓုအနုမောဒနာ ခေါ်ဆိုကြခြင်းဖြင့် ကုသိုလ်ယူကြရအောင်လား ခင်ဗျာ….။