စပိန် လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ တရားဝင် သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

ယနေ့မှာပဲ ပီအက်စ်ဂျီအသင်းဟာ မက်ဆီရဲ့ဖခင် ဂျော့စ်မက်ဆီ ပါဝင်တဲ့ မက်ဆီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မက်ဆီကို ၂နှစ် + နောက်ထပ် တနှစ် ထပ်မံ သက်တမ်းတိုးနိုင်မယ့် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာပါ။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ၂၀၂၄ခုနှစ် အထိ ဇွန်လအထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီး မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ တနှစ်ကို အသားတင် လုပ်ခလစာ ယူရို ၃၅သန်း + အပိုဆုကြေးတွေ ရရှိဖို့ ရှိကြောင်း သိရပါတယ်။

မက်ဆီဟာ မနက်ဖြန်မှာပဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို သွားရောက်ကာ ဆေးစစ်မှုကိစ္စ ၊ တရားဝင် စာချုပ်လက်မှတ် ရေးထိုးတဲ့ ကိစ္စတွေကို ပြုလုပ်မှာ ဖြစ်ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေကလည်း ဆိုပါတယ်။

Photo Credit: Express

 

ပီအက်စ်ဂျီအသင်း ကတော့ မက်ဆီရဲ့ အပြောင်းအရွှေ့ကို ဩဂုတ်လ ၁၀ရက်နေ့မှာ တရားဝင် ကြေညာဖို့ စီစဉ်ထားပြီး မက်ဆီကို ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာမှုအား နာမည်ကျော် အီဖယ်တာဝါမှာ ပြုလုပ်ဖို့ ရှိပါတယ်။