ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘာစီလိုနာအသင်း ကနေ ထွက်ခွာခွင့် ပြုဖို့ တောင်းဆိုခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ယမန်နေ့ ညပိုင်းမှာတော့ ဘာစီလိုနာအသင်းမှာ ဆက်ရှိသွားမှာ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ် အတွင်းကို ရောက်ရှိ နေပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦးပါ။ လက်ရှိမှာတော့ မက်ဆီ ဟာ သူ့အနေနဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီ မှာ ဘာစီလိုနာအသင်းနဲ့သာ အတူ ရှိသွားမှာ ဖြစ်တယ် လို့ အင်တာဗျူး ဗွီဒီယိုဖိုင် တစ်ခုနဲ့အတူ ကြေညာသွားခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ အတွက် လူသိရှင်ကြား ကြိုးစားခဲ့တဲ့ မက်ဆီဟာ လတ်တလောမှာ သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဘာစီလိုနာအသင်း အပေါ် သစ္စာမရှိဘူး လို့ ဝေဖန်မှုတွေ ခံနေရပေမယ့် မက်ဆီကတော့ သူဟာ ဘာစီလိုနာအသင်းကို ထာဝရ ချစ်မြတ်နိုးကြောင်းနဲ့ ယခုလို အသင်းမှာ ဆက်နေရတာဟာ သူချစ်တဲ့ အသင်းနဲ့ အပြန်အလှန် တရားစွဲဆိုတဲ့ အခြေအနေအထိ မရောက်ချင်တာကြောင့် ဖြစ်တယ် လို့ အင်တာဗျူးမှာ ဖြေဆိုသွားပါတယ်။ ဒါ့အပြင် မက်ဆီက သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဘာစီလိုနာအသင်းက ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့တာ ဆိုတဲ့ သတင်းတွေကို ပယ်ချ သွားခဲ့ပြီး သူ့အနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ အတွက် ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး စဉ်းစားခဲ့တာပါ လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့အတွက် စဉ်းစားခဲ့ပုံအကြောင်းကို မက်ဆီက အခုလိုပဲ ရှင်းလင်း ပြောကြားသွားခဲ့တာပါ။ မက်ဆီက ” ဒီဆုံးဖြတ်ချက်(ဘာစီလိုနာအသင်းမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မှု)ကို ပြုလုပ်ဖို့ အတွက် ကျွန်တော် အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ရတာ ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်က ရလဒ်ကြောင့် မဟုတ်ပါဘူး။ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ ကျွန်တော်ဟာ ဒီအသင်းမှာပဲ အနားယူချင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာ ဆုဖလားတွေ ရရှိဖို့ အစီအစဉ်တွေ ရှိမနေခဲ့ပါဘူး ”

Photo Credit: Marca

” ကျွန်တော်ဟာ အသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်း ကလပ်ကို အကြောင်းကြားခဲ့ပါတယ်။ အထူးသဖြင့် အသင်းရဲ့ဥက္ကဌကိုပေါ့။ ဒီအကြောင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီ အစမှာကတည်းက သူတို့တွေ သိထားကြတာပါ။ ကျွန်တော်ဟာ သူတို့ကို ပြီးခဲ့တဲ့ ၁၂လလုံးလုံး ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီအသင်းမှာ ကျွန်တော် ဆက်နေသွားမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ အသင်းနဲ့ တရားစွဲဆိုတဲ့ ကိစ္စတွေ မဖြစ်ချင်တာကြောင့်ပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။