ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်တုန်းက နာပိုလီအသင်းရဲ့နောက်ခံကစားသမား ကူလီဘလီနဲ့ ထိခိုက်မိပြီး ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ရာ အရမ်းစိုးရိမ်ရလောက်တဲ့ အနေအထားမျိုးမဟုတ်ဘူးလို့ ဘာစီလိုနာနည်းပြဆက်တီယန်ကနေ ပြောဆိုခဲ့ပေမယ့်လည်း လတ်တလောမှာ မက်ဆီက အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေကို မလုပ်ဆောင်နိုင်ခဲ့လို့ ဘိုင်ယန်နဲ့ ကွာတားဖိုင်နယ်ပွဲကို ပါဝင်ကစားဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။

Photo Credit : Sports

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီဟာ နာပိုလီအသင်းနဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းရဲ့တတိယဂိုးဖြစ်တဲ့ ဆွာရက်ဇ်ပင်နယ်တီသွင်းဂိုးကလည်း သူ့ကြောင့်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။ နာပိုလီခံစစ်ကစားသမား ကူလီဘလီနဲ့ ပင်နယ်တီဧရိယာအတွင်း ထိခိုက်မိခဲ့တဲ့ မက်ဆီဟာ ခြေထောက်ဒဏ်ရာရရှိသွားခဲ့သလို ဒိုင်ကလည်း ဒီဖြစ်ရပ်အပေါ် ပင်နယ်တီကန်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ရာ ဆွာရက်ဇ်က ပင်နယ်တီကနေ ဘာစီလိုနာအတွက် တတိယဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

ပွဲအပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဘာစီလိုနာအသင်းနည်းပြ ဆက်တီယန်က သူတို့အသင်းရဲ့ အဓိက ကစားသမားမက်ဆီရဲ့ဒဏ်ရာဟာ ကုသမှုတွေ ခံယူရဦးမှာဖြစ်ပေမယ့် အရမ်းဆိုးရွှားမယ့်ပုံစံတော့ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီဟာ သူရဲ့ဒဏ်ရာကြောင့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိပဲ အနားယူနေခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ လာမယ့်သောကြာနေ့မှာ ယှဉ်ပြိုင်ကစားသွားရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာတောင် ပါဝင်ကစားနိုင်ဖို့က မသေချာတော့တဲ့ အခြေအနေကို ရောက်နေခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီဟာ လေ့ကျင့်ခန်းအစီအစဉ်အားလုံးကို လွဲချော်တာမျိုးမဟုတ်တဲ့အတွက်ကြောင့် ဘိုင်ယန်နဲ့ပွဲကို ပါဝင်ကစားနိုင်ပေမယ့် ကြံခိုင်မှုအပိုင်းမှာတော့ ရာနှုန်းပြည့်ကြံခိုင်နေဖွယ် မရှိဘူးလို့ မီဒီယာတချို့ကနေ ဖော်ပြနေကြပါတယ်။ မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် စပိန်လာလီဂါပြိုင်ပွဲအတွင်း သွင်းဂိုးများစွာ သွင်းယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ သွင်းဂိုးတွေ နည်းပါးနေပြီး (၇)ပွဲပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၃)ဂိုးသာ ရယူနိုင်ခဲ့ပါတယ်။