ယနေ့မနက် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တဲ့ အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး မက်ဆီကတော့ ယခုနှစ် ဆုပေးပွဲမှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသင့်ကြောင်း ပြောကြားလိုက်ပါတယ်။

ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ ကိုပါဒယ်ရေးဖလား ၊ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားတို့ကို ရရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ကျော်ဖြတ်ကာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Marca

ယခုတကြိမ် ရွှေဘောလုံးဆုကို ရရှိခဲ့မှုကြောင့် မက်ဆီရဲ့ ရွှေဘောလုံးဆု အရေအတွက်ဟာ ၇ဆု အထိ ရှိလာခဲ့ပြီး မက်ဆီက ဘောလုံးသမိုင်း တလျှောက် ရွှေဘောလုံးဆုကို အကြိမ်ရေ အများဆုံး ရရှိထားတဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

၇ကြိမ်မြောက် ရွှေဘောလုံးဆုကို ရရှိအပြီးမှာတော့ မက်ဆီက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် မကျင်းပခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုပေးပွဲကို ပြန်လည် ကျင်းပပေးဖို့ တောင်းဆိုခဲ့သလို အဆိုပါ ဘောလုံးရာသီမှာ လီဝမ်ဒေါစကီးက ရွှေဘောလုံးဆုနဲ့ ခြွင်းချက်မရှိ ထိုက်တန်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ခဲ့သလို ချန်ပီယံလိဂ် ဆုဖလားကိုလည်း ရရှိခဲ့ပေမယ့် ရွှေဘောလုံးဆုပေးပွဲကို ဦးဆောင် ကျင်းပတဲ့ France Football မဂ္ဂဇင်းက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုပေးပွဲကို ကျင်းပခဲ့ခြင်း မရှိတာကြောင့် လီဝမ်ဒေါစကီးဟာ ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့တာပါ။

လီဝမ်ဒေါစကီးကလည်း ရွှေဘောလုံးဆု ရသင့်တဲ့ အကြောင်းကို မက်ဆီက – “လီဝမ်ဒေါစကီးရေ မင်းက ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မင်းကသာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ တဦးထဲသော ကစားသမား ဖြစ်တယ် ဆိုတာကို လူတွေအားလုံး လက်ခံကြပါတယ်။ France Footballကလည်း မင်းကို ၂၀၂၀ခုနှစ်ရဲ့ ရွှေဘောလုံးဆု ပေးအပ်ဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။