စပိန်လာလီဂါအခြေစိုက် နာမည်ကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ် ကစားသမား လီယွန်နယ် မက်ဆီကတော့ ယနေ့ မနက်မှာ ကစားခဲ့တဲ့ မာလာကာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်း အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါ ပွဲစဉ်အပြီးမှာ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မှတ်တမ်း တစ်ခုကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းဟာ မာလာကာ အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားခဲ့ရတာ ဖြစ်ပေမယ့် မက်ဆီရဲ့ ခြေစွမ်းပြမှု ၊ ဇန်နဝါရီကာလကမှ အသင်းကို ရောက်ရှိခဲ့တဲ့ တိုက်စစ်မှူး ဘရိတ်ဝိတ်ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ မာလာကာအသင်းကို သက်တောင့် သက်သာ ကစားနိုင်ခဲ့ကာ လေးဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: CBS Sport

ယခုပွဲစဉ်ဟာ ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုကြောင့် လာလီဂါပြိုင်ပွဲကို ခေတ္တရပ်နားထားခဲ့ရအပြီးမှာ ပြန်လည် ကစားခဲ့ရတဲ့ ပထမဦးဆုံးပွဲစဉ် ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဟာ ပွဲစတင်ကတည်းက မာလာကာအသင်းကို ဖိအားပေး ကစားသွားခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ပွဲအစ ၂မိနစ်မှာပဲ ကွင်းလယ်လူ ဗီဒယ်က သွင်းယူပေးသွားခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီးနောက်ပိုင်း မှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ် ကစားအားဟာ ကျဆင်းသွားခြင်း မရှိပဲ ပွဲချိန် ၃၇မိနစ်မှာတော့ တိုက်စစ်မှူးအသစ် ဘရိတ်ဝိတ်က ဘာစီလိုနာအသင်းအတွက် ဒုတိယအကြိမ်မြောက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သူကတော့ မက်ဆီပဲ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ၂ဂိုးကို ရရှိအပြီးမှာတော့ ဘာစီလိုနာအသင်းဟာ ပွဲကို အနည်းငယ် ထိန်းကာ ကစားသွားခဲ့ပြီး တတိယဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၇၉မိနစ်မှာ မက်ဆီရဲ့ ဖန်တီးပေးပို့မှုကနေ နောက်တန်းအစွန်လူ ဂျော်ဒီအယ်ဘာ က သွင်းယူပေးသွားခဲ့တာပါ။

Photo Credit: CBS Sport

ဘာစီလိုနာအသင်းရဲ့ ပွဲသိမ်းဂိုးကိုတော့ အသင်းရဲ့ ပဲ့ကိုင်ရှင် မက်ဆီက နာကျင်အချိန်ပို ၉၅မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဆိုပါ သွင်းဂိုးကြောင့်ပဲ မက်ဆီဟာ နောက်ဆုံး ကစားခဲ့တဲ့ ၁၂ရာသီဆက်တိုက် ရာသီတိုင်းမှာ သွင်းဂိုး ၂၀နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။ မက်ဆီဟာ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီကနေ စတင် ကာ လာလီဂါဘောလုံးရာသီတိုင်းမှာ သွင်းဂိုး ၂၀ဂိုးနဲ့အထက်ကို သွင်းယူနိုင်ခဲ့ပြီး လက်ရှိ ဘောလုံးရာသီကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ဒါဟာ ၁၂ရာသီတိုင်တိုင် ရှိသွားခဲ့ပါပြီ။ မက်ဆီဟာ လာလီဂါပြိုင်ပွဲမှာ ၄၇၅ပွဲအထိ ကစားထားရာမှာ ၄၃၉ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ၁၈၅ဂိုးအထိ ဖန်တီးပေးထားနိုင် တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။