ပရီးမီးယားလိဂ်ကလပ် လိဒ် ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မက်စ်လီယာက သူ့ကို ခေါ်ယူမယ်လို့ သတင်းကြီးနေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးကသာ သူ့ကို နံပါတ်တစ် ဂိုးသမားနေရာ ပေးမယ် ဆိုရင် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စဉ်းစားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်ဂိုးသမား မက်စ်လီယာက ၂၀၂၀ခုနှစ်မှာ လိုရီးယန့် ကနေ လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆.၅သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက လိဒ်ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို သိမ်းပိုက်နိုင်ခဲ့သလို လက်စွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မက်စ်လီယာရဲ့ လိဒ်ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းခဲ့ရပေမယ့် မက်စ်လီယာက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးပေါက် ကာကွယ်မှု အများဆုံး ဂိုးသမား ၁၀ဦး စာရင်းထဲ ဝင်ရောက်နိုင်ခဲ့သလို သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်ကလည်း အတော်လေး အထင်ကြီးစရာ ကောင်းပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီး အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က မက်စ်လီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ တချို့က မက်စ်လီယာရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေတောင် ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit: The Sun

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မက်စ်လီယာက သူဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားပေမယ့် နံပါတ်တစ် ဂိုးသမားနေရာ မရရင် ပြောင်းမှာ မဟုတ်ပဲ သူ့အတွက် ပွဲထွက်ခွင့် ပုံမှန် ရမယ့် အသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။

မက်စ်လီယာက – “တကယ်လို့ ကျွန်တော်က ချယ်လ်ဆီးဆီ ရောက်ပြီး အရန်ခုံ ထိုင်နေရမယ် ဆိုရင်တော့ အဲ့ဒီ အပြောင်းအရွှေ့ကို လုပ်ဖို့ စိတ်မဝင်စားပါဘူး။ တကယ်လို့ ကျွန်တော်ကသာ နံပါတ်တစ် ဂိုးသမားနေရာကို ရမယ် ဆိုရင်တော့ အဲ့ဒီအပြောင်းအရွှေ့ကို ပျော်ပျော်ကြီး လုပ်သွားမှာပါ။ ချယ်လ်ဆီးလို အသင်းကြီးဆီ ပြောင်းဖို့ စိတ်မဝင်စားပါဘူး ဆိုတဲ့ စကားမျိုး ကျွန်တော်တို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်က နာမည်ကြီးအသင်း တသင်းမှာ အရန်ခုံ ထိုင်ရမှာထက် နာမည်သိပ်မကြီးတဲ့ အသင်းမျိုးတွေရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ယူဖို့ ပိုစိတ်ဝင်စားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။