ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ အသင်းရဲ့ တာဝန်ရှိသူ တဦး အဖြစ် ဆောင်ရွက်နေတဲ့ မာတီဆက်ကာက သူတို့အသင်းဟာ ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် ကွင်းလယ်လူ ဂန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ကမ်းလှမ်းမှု လုပ်ထားကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ဝါရင့် ကွင်းလယ်လူ ဂန်ဒိုဂန်က မန်ချက်စတာ စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို သူက အသင်းကို ယခုနှစ် ဘောလုံးရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်အောင် အဓိက ကူညီပေးခဲ့သူ တဦးပါ။

Photo Credit: 90 Min

ဂန်ဒိုဂန်က အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတွက် အရေးပါတဲ့ပွဲတွေမှာ အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ အတွေ့အကြုံနဲ့ ခြေစွမ်းကောင်းတွေကြောင့် ဘာစီလိုနာ ၊ အာဆင်နယ် စတဲ့ ထိပ်သီးအသင်းတွေက ဂန်ဒိုဂန်ကို မန်ချက်စတာ စီးတီးဆီ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

မန်ချက်စတာ စီးတီးကလည်း ဂန်ဒိုဂန်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဂန်ဒိုဂန်က အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေတာကြောင့် မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဖို့ ရာခိုင်နှုန်း နည်းပါးနေပါတယ်။

Photo Credit: Goal

ဂျာမဏီ ကစားသမားဟောင်း တဦး ဖြစ်သလို အာဆင်နယ်ရဲ့ တာဝန်ရှိသူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ မာတီဆက်ကာက သူတို့အသင်းဟာ ဂန်ဒိုဂန်အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ထားကြောင်းနဲ့ ဂန်ဒိုဂန်ဟာ သူတို့အသင်းဆီ ပြောင်းရွှေ့လာနိုင်ချေ ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

မာတီဆက်ကာက – “ကလပ်အသင်း တချို့က ဂန်ဒိုဂန် အတွက် စုံစမ်းမှုတွေ ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့ကလည်း သူ့အတွက် ကမ်းလှမ်းမှု လုပ်ထားပါတယ်။ မီခေးက ဂန်ဒိုဂန်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော်တို့က သူ့အတွက် ကမ်းလှမ်းထားတဲ့ စာချုပ်ကို ပြန်မရုတ်သိမ်းရသေးပါဘူး။ ကျွန်တော်တို့က ဂန်ဒိုဂန်ကို ခေါ်ယူနိုင်မယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်ကတော့ ဂန်ဒိုဂန်က သူ့ဆီကို ရောက်လာတဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို ယှဉ်ကြည့်ပြီး အကောင်းဆုံးအသင်းကို ရွေးချယ်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။