ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီအသင်းကို ကိုင်တွယ်နေတဲ့ ဂျာမဏီ လက်ရွေးစင် နောက်ခံလူဟောင်း မာတီဆက်ကာ ကတော့ အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အချိန် ၃နှစ်လောက် ထပ်ယူရဦးမယ်လို့ ပရိသတ်တွေကို အသိပေး ပြောကြားလိုက်ပါတယ်။

တချိန်က ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲခဲ့ဖူးတဲ့ အာဆင်နယ်အသင်းဟာ ၂၀၁၀နောက်ပိုင်း ကာလတွေမှာတော့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးရဲ့ နောက်ဆုံးနှစ်တွေမှ စတင်ကာ ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတော့ပါဘူး။

Photo Credit: Express

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း ၄သင်း စာရင်းထဲ ကနေ လွင့်စင်ခဲ့တာဟာ နှစ်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အဆင့်၈နေရာနဲ့သာ ရာသီ သိမ်းနိုင်ခဲ့တာကြောင့် ယခုနှစ် ရာသီမှာ ဥရောပဝင်ခွင့်တောင် မရခဲ့ပါဘူး။

ဒါကြောင့်လည်း အသင်းရဲ့နည်းပြ အာတီတာကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပြီး အာဆင်နယ် လူငယ်အသင်းရဲ့ နည်းပြ မာတီဆက်ကာ ကတော့ ပရိသတ်တွေအနေနဲ့ အာတီတာကို ဆက်လက် ယုံကြည်ပေးဖို့ တောင်းဆိုခဲ့ပြီး အသင်းဟာ ရေရှည်ပလန်တခုနဲ့ အလုပ်လုပ်နေတာကြောင့် အကောင်းဆုံးပုံစံကို မြင်ရဖို့ နှစ်အနည်းငယ် စောင့်ကြည့်ပေးပါလို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

မာတီဆက်ကာက – “ကျွန်တော် ကတော့ အာဆင်း (ဝင်းဂါး) ထွက်ခွာခဲ့တဲ့နောက် ဖြစ်ပေါ်လာတဲ့ ကွက်လပ်ကြီးကို လာမယ့် နှစ်အနည်းငယ် အတွင်း ဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပုံစံကို မြင်ရဖို့ (ချန်ပီယံလိဂ်ဝင်ခွင့် အပါအဝင်) ၃နှစ် ၊ ၄နှစ်လောက်တော့ စောင့်ရပါလိမ့်မယ်။ ကျွန်တော်တို့က အမြဲတမ်း ရေတို အောင်မြင်မှုတွေကို လိုချင်ကြပါတယ်။ ခင်ဗျားသိတယ်မလား။ ဘန်း ဆိုပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရတာမျိုး။ ဘန်း ဆိုပြီး ဆုဖလား အောင်မြင်မှုတွေ ရတာမျိုးပေါ့။ ဒါပေမယ့် ကျွန်တော် အခု လူငယ်အသင်းကို ရေရှည်ပလန် တခုနဲ့ ကိုင်တွယ်နေတာပါ။ ဒီလိုပဲ ပရိသတ်တွေကလည်း အာတီတာကို စိတ်ရှည်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။