ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ကိုပါအီတာလီယာ ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ ပွဲစဉ်ဖြစ်တဲ့ နာပိုလီအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အဓိက ကျခဲ့တဲ့ ကစားသမားကတော့ နာပိုလီအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဒရိုင်း မာတင်စ်ပဲ ဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ်အရ အိမ်ရှင် နာပိုလီ အသင်းဟာ ဧည့်သည် အင်တာမီလန်အသင်းကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အသာစီးရရှိသွားခဲ့ပြီး ကိုပါအီတာလီယာဖလားရဲ့ ဗိုလ်လုပွဲဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ နာပိုလီအသင်းဟာ အိမ်ကွင်း မှာ ကစားခဲ့ရပေမယ့် အင်တာမီလန်အသင်းရဲ့ ဖိအားပေးမှုတွေကို ခံစားခဲ့ရပြီး မာတင်စ်ရဲ့ ချေပဂိုးသာ မရရှိခဲ့ရင်ပွဲဟာ ပိုပြီးတော့ ခက်ခဲသွားနိုင်ပါတယ်။ အင်တာမီလန်အသင်းဟာ အဆိုပါပွဲစဉ်မှာ ပွဲအစ ၂မိနစ်မှာကတည်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုတော့ ကွင်းလယ်လူ အဲရစ်ဆင်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ နာပိုလီ အသင်းဟာ ချေပဂိုး ရရှိဖို့အတွက် ကြိုးစား ကစားခဲ့ပြီး ပထမပိုင်း ပြီးဆုံးဖို့ နီးကပ်လာတဲ့ အချိန် ပွဲကစားချိန် ၄၁မိနစ်မှာတော့ မာတင်စ် က နာပိုလီအသင်း လိုအပ်နေတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အင်တာမီလန်အသင်းဟာ နာပိုလီအသင်းကို တရစပ် ဖိအားပေး ကစားကာ အနိုင်ဂိုးရရှိစေဖို့ ကြိုးစားခဲ့ပေမယ့် နာပိုလီအသင်းဘက်က အင်တာမီလန်အသင်းရဲ့ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံကာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ရရှိစေဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ နာပိုလီအသင်းအတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ မာတင်စ်ဟာ သူ့ရဲ့ ချေပဂိုး ကြောင့်ပဲ နာပိုလီအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ် ကို ရရှိခဲ့သေးတယ်လို့လည်း သိရပါတယ်။ အသက် ၃၃နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မာတင်စ် ဟာ နာပိုလီအသင်းထံကို ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာကတည်းက ရောက်ရှိခဲ့သူ ဖြစ်ပြီး နာပိုလီအသင်းအတွက် ပွဲပေါင်း ၃၁၀ ကစားပေးထားရာမှာ ၁၂၂ဂိုး သွင်းယူပေးထားနိုင်ကာ ၇၃ဂိုး ဖန်တီးပေးထားနိုင်သူပါ။ မာတင်စ်ဟာ သွင်းဂိုး ၁၂၂ဂိုး သွင်းယူပေးနိုင်မှုနဲ့အတူ နာပိုလီ အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပြီး သူဟာ တစ်ချိန်က အသင်းဖော်ဟောင်း ဖြစ်ခဲ့သူ ဟမ်ဆစ်ရဲ့ ၁၂၁ဂိုး စံချိန်ကို တစ်ဂိုးအသာရကာ နာပိုလီအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။