ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်ကို ဖြေရှင်းဖို့ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး ရိုမီလု လူကာကူကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး သူတို့က အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ အရန်တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အာဆင်နယ်က မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် ၊ အဲဗာတန် တိုက်စစ်မှူး လီဝင်နဲ့ ဆက်ဆူအိုလို တိုက်စစ်မှူး စကာမက်ကာတို့ကို ပစ်မှတ် တိုက်စစ်မှူးတွေ အဖြစ် သတ်မှတ်ထားပြီး သူတို့ထဲက တဦးကို မဖြစ်မနေ အရ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

တဖက်မှာတော့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးကလည်း လူကာကူအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် လူကာကူကို ရောင်းထုတ်သွားဖို့ စဉ်းစားထားပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ ကစားသမားဟောင်းလည်းဖြစ် ၊ ဘောလုံးရေးရာ သုံံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆန်က လူကာကူကို ခေါ်ယူဖို့ အာဆင်နယ်အား အကြံပေးခဲ့တာ ဖြစ်ပြီး မာဆန်က အာဆင်နယ်ဟာ လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။

မာဆန်က – “အာဆင်နယ်က ရိုမီလု လူကာကူကို ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းလောက်နဲ့ ကမ်းလှမ်းသင့်ပါတယ်။ တကယ်လို့ ချယ်လ်ဆီးကသာ သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရင် လူကာကူဟာ အာဆင်နယ် အတွက် ထိပ်တန်း ကစားသမား ခေါ်ယူမှု တရပ် ဖြစ်လာနိုင်ပါတယ်။ လူကာကူက အာဆင်နယ်မှာ မရှိတဲ့ အရည်အသွေးတွေကို ယူဆောင်လာနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးပါ” လို့ ပြောကြားသွားခဲ့တာပါ။