ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ နာမည်ကျော် ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစား အားထုတ်သင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။

အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးကို ဆုံးရှုံးခဲ့ရပြီးနောက် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ နီးစပ်နေတာကြောင့် အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

Photo Credit: Daily Mail

အာဆင်နယ်ဟာ အသင်းရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ စီစဉ်ထားတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို ကာလရှည် ဦးဆောင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ကတော့ ဖီအိုရင်တီးနား ဂိုးသွင်းစက် ဗလာဟိုဗစ်ပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်ခြေအားသန် ဆားဘီးယားကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမား ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင် ဖီအိုရင်တီးနား အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်ဂိုး ၂၀ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Daily Mail

ဒါကြောင့် အာဆင်နယ်က ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး မာဆန်ကလည်း ဗလာဟိုဗစ်ဟာ တချိန်က မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ နယ်သာလန် တိုက်စစ်မှူး နစ္စတယ်ရွိုင်းလိုမျိုး ဂိုးသွင်းကောင်းတဲ့ ကစားသမား ဖြစ်တာကြောင့် အာဆင်နယ် အနေနဲ့ ဗလာဟိုဗစ်ကို လက်လွှတ်မခံပဲ ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မာဆန်က – “အာဆင်နယ်ရဲ့ ပြဿနာက သွင်းဂိုးတွေ ရဖို့ ခက်ခဲနေတာပါ။ ဒါကြောင့် ကျွန်တော်ကတော့ အာဆင်နယ်အနေနဲ့ ဗလာဟိုဗစ်ကို ရအောင် ခေါ်သင့်တယ်လို့ မြင်ပါတယ်။ အီတလီမှာ ပြသနေတဲ့ ဗလာဟိုဗစ်ရဲ့ ခြေစွမ်းက တကယ်ကို အထင်ကြီးစရာပါ။ သူက သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်တဲ့ အထောင် တိုက်စစ်မှူး တယောက်လည်း ဖြစ်ပါတယ်။ အာဆင်နယ်က အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တယ်။ သူတို့ လိုအပ်နေတာက သွင်းဂိုးတွေကို ဒိုင်ခံသွင်းပေးမယ့် တိုက်စစ်မှူးကောင်း တယောက်ပါ။ နစ္စတယ်ရွိုင်းလိုပေါ့။ နစ္စတယ်ရွိုင်းက တဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ဘယ်လိုပုံစံမျိုးနဲ့မဆို ဂိုးသွင်းနိုင်ပါတယ်။ ဗလာဟိုဗစ်က သူနဲ့ ဆင်တဲ့ ကစားသမားပါ” လို့ ပြောကြားသွားပါတယ်။