ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ် မာဆန်က တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ ကြံစည်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းအား အမိအရ ခေါ်ယူဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပေမယ့် သူတို့မှာ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ နှစ်ဦးထဲသာ တိုက်စစ်မှူးတွေ အဖြစ် ရှိနေပြီး ရက်ဖို့ဒ်ကလည်း ဘယ်တောင်ပံမှာ ထွက်ကာ ကစားနေတာကြောင့် မာရှယ် တဦးထဲကပဲ အထောင်တိုက်စစ်မှူး အဖြစ် ကစားနေရပါတယ်။

Photo Credit: Pundit Arena

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်က ယခု ဆောင်းဈေးကွက်အတွင်းမှာ သူတို့ရဲ့ တိုက်စစ်ပိုင်း ပြဿနာကို ရေတို ဖြေရှင်းပေးနိုင်မယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး မန်ချက်စတာ ယူနိုက်တက်က ဂလာဘက် တိုက်စစ်မှူး မားကပ် သူရမ် ၊ ဘန်လေ တိုက်စစ်မှူး ဗန်ဟော့နဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ်တို့ထဲက တဦးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ထားပါတယ်။

ဘောလုံးရေးရာ ကျွမ်းကျင်သူ တဦး ဖြစ်တဲ့ ပေါလ် မာဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် တိုက်စစ်မှူးတွေကို သဘောကျခြင်း မရှိပဲ မန်ချက်စတာ ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဟာလန်းထက် ပိုကောင်းတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး မြောက်မြားစွာ အသုံးပြုကာ ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Photo Credit: Pundit Arena

ပေါလ် မာဆန်က – “ဒီနေ့ခေတ်လိုမျိုး ဘောလုံးအသင်းတွေက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက်ကို ငွေကြေးများစွာ သုံးပြီးတော့ ဝယ်နေတဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီကိန်းကို မခေါ်ဘူး ဆိုရင် ဒါက အတော်လေးကို ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တခု ဖြစ်နေပါလိမ့်မယ်။ ခင်ဗျားက တကမ္ဘာလုံးကို ပတ်ပြီး တိုက်စစ်မှူးသစ် တဦးကို ရှာကြည့်လိုက်မယ် ဆိုရင် ဟယ်ရီကိန်းလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက်ကို အလွယ်တကူ ရှာတွေ့နိုင်မယ် မထင်ပါဘူး။ ဘယ်သူကမှ သူ့လောက် မကောင်းကြပါဘူး။ တကယ်လို့ ယူနိုက်တက်က စီးတီးကို မီချင်တယ် ဆိုရင် သူတို့တွေက ဟယ်ရီကိန်းကို ခေါ်သင့်ပါတယ်။ အသင်းတိုင်းက တိုက်စစ်မှူးသစ် တဦးကို ရှာနေကြပေမယ့် သူတို့ရဲ့ အရှေ့မှာ ရှိနေတဲ့ ဟယ်ရီကိန်းကိုတော့ မတွေ့ကြပါဘူး။ ဟယ်ရီကိန်းက ဆုဖလားတွေ ရယူနိုင်စွမ်း မရှိတဲ့ စပါးအတွက် ကစားပေးနေတာပါ။ ဒါကြောင့် အနှေးနဲ့အမြန် ဟယ်ရီကိန်းက အသင်းသစ် ရှာပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က ဘာကြောင့် သူ့ကို မခေါ်လဲ ဆိုတာကို နားမလည်ပါဘူး။ တကယ်လို့ ခင်ဗျားက ဟယ်ရီကိန်း အတွက် ပေါင် ၁၅၀သန်း သုံးရမယ် ၊ ပြီးတော့ သူ့ကို ၄နှစ် ၊ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ရမယ် ဆိုရင်တောင် ခင်ဗျားက ဂိုး ၁၀၀ကျော်ကို အလွယ်လေး ရနိုင်ပါတယ်။ ဘယ်သူက ဒီလိုဂိုးပမာဏမျိုး သွင်းပေးနိုင်လို့လဲ။ လူတွေက ဟာလန်းရဲ့ အကြောင်းကိုပဲ ပြောနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဟယ်ရီကိန်းက စီးတီးလို အသင်းမျိုးမှာ ကစားနေတဲ့ ဟာလန်း သွင်းတဲ့ သွင်းဂိုး​ပမာဏကို မီအောင် လိုက်သွင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဟယ်ရီကိန်းက ဂိုးဖန်တီးမှုတောင် ပိုလုပ်ပေးနိုင်ပါသေးတယ်။ ကျွန်တော့်ကို ရူးတယ်လို့ ပြောချင် ပြောပါ။ ကျွန်တော်ကတော့ ဟယ်ရီကိန်းသာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာရင် သူက ယူနိုက်တက်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင်တောင် ကူညီနိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။